Friday 20 June 2014

ထိုင်းနိုင်ငံတွင် တရားဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီး နှိမ်နင်းနေသည် ဆိုသည့်သတင်းမှာ အခြေအမြစ် မရှိကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူများက ပြောကြား

ထိုင်းနိုင်ငံ၌ တရားဝင် စာရွက်စာတမ်းများ ကိုင်ဆောင် အလုပ် လုပ်ကိုင်လျက် ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းအာဏာပိုင်များက မကြာသေးမီက ဖမ်းဆီး နှိမ်နင်းနေကြောင်း သတင်းများနှင့် ပတ်သက်၍ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးသည် ထိုင်းနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဥပဒေ ထိန်းသိမ်းရေး အမျိုးသား ကောင်စီ (အင်န်စီပီအို)မှ အဆင့်မြင့် တာဝန်ရှိသူများအား ဇွန် ၆ ရက် နှင့် ၁၄ ရက်တို့တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးစဉ် ထိုင်းနိုင်ငံ၌ တရားမဝင် ရောက်ရှိ အလုပ် လုပ်ကိုင်နေကြသော နိုင်ငံ ခြားသား အလုပ်သမားများ ဆိုင်ရာ ဆပ်ကော်မတီ အကြီးအကဲ အပါအဝင် အင်န်စီပီအို တာဝန်ရှိသူများက ''ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးနှိမ်နင်းရန် ထိုင်းအာဏာပိုင်များ အနေဖြင့် မည်သည့် မူဝါဒမျှ ချမှတ်ထားခြင်း မရှိပါကြောင်း၊ ထိုသတင်းများသည် အခြေအမြစ် မရှိပါကြောင်း၊ မြန်မာအလုပ် သမားများအတွက် ထိုင်းဥပဒေဘောင် အတွင်းမှ အကျိုးခံစားခွင့် အပြည့်အဝ ရရှိရေး၊ ကျန်းမာ ရေးနှင့် လူမှုဖူလုံရေး အစောင့်အရှောက်များ ရရှိစေရေး အတွက် လျော်ကန်သည့် အလုပ်အကိုင် အခြေအနေ ပိုမိုဖြစ်ပေါ်ရန် ရည်ရွယ်ပါကြောင်း''ဖြင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဗန်ကောက်မြို့ရှိ မြန်မာနိုင်ငံ သံရုံးသည် ထိုင်းနိုင်ငံ၌ တရားဝင် စာရွက်စာတမ်း များဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖမ်းဆီး ခံရမှုရှိပါက မြန်မာသံရုံးမှ တာဝန်ရှိသူများထံ သတင်း ပေးပို့နိုင်ရေး အတွက် အရေးပေါ် ဖုန်းလိုင်းများကို သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရားဝင် မြန်မာ အလုပ်သမားများ ဖမ်းဆီး ခံရမှုရှိပါက သံရုံးသို့ ၂၄ နာရီအချိန်ပြည့်နေ့စဉ် သတင်းပေးပို့ နိုင်ကြောင်း သိရသည်။

အဆိုပါ အရေးပေါ် ဖုန်းနံပါတ်များမှာ အလုပ်သမား သံအရာရှိရုံး ဖုန်း ဝ၈၆-၇၇၄-၆၈၂၅/ ဝ၈၃-၉၈၁-၂၁၇၅၊ BKK ဖုန်း-ဝ၉၁-၅၃၇-ဝဝ ၁၈၊ မဲဆိုင် ဖုန်း-ဝ၉၄-၇၆၁-၈၉၄၃၊ ရနောင်း ဖုန်း-ဝ၉၈-ဝ၅၄-ဝ၈၉၁၊ မဲဆောက် ဖုန်း-ဝ၉၆-၅၂၃-၂၁၆၁၊ (အေဂျင်စီ အသင်းချုပ်) ဖုန်း-ဝ၈၃-၅၄၄-၆၄၄၂ တို့ ဖြစ်ကြသည်။

ပြည်ပနိုင်ငံများ၌ တရားမဝင်ရောက်ရှိအလုပ် လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများ အနေဖြင့် လုံခြုံစိတ်ချစွာလုပ်ကိုင်နိုင်ရေးအတွက် အလုပ်အကိုင်ရရှိရေးဆိုင်ရာဆောင်ရွက်ထား သည့် နားလည်မှုဘောင်အတွင်း အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ရန်နှင့် ယင်းသို့ ဆောင်ရွက်စဉ် အခက်အခဲများနှင့်ကြုံတွေ့ရပါကလည်း ပြည်ပ နိုင်ငံများရှိ မြန်မာသံရုံးများက ကူညီပေးရန် အသင့်ရှိကြောင်း င်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြ၀တီ

No comments:

Post a Comment