Monday 16 June 2014

မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌနှင့် ရှယ်ယာရှင်များ ငွေကြေးပြဿနာ မပြေလည်သေးဟုဆို

ဆူပါကာစတန် မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့ဖူးသည့် မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌနှင့် ရှယ်ယာရှင် ၂၄ ဦးတို့အကြား ငွေကြေးသုံးစွဲမှုဆိုင်ရာ အငြင်းပွားမှု ပြဿနာမှာ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရရှိသေးကြောင်း ယင်းနှစ်ဖက် ညှိနှိုင်းဆွေးနွေးပွဲအရ သိရှိရသည်။

ယင်း နှစ်ဖက်ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ် ဝန်ကြီးထံ တင်ပြပေးသွားမည် ဖြစ်ကြောင်း မန္တလေး စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါကုမ္ပဏီ ဥက္ကဋ္ဌအနေနှင့် ကုမ္ပဏီ၏ ငွေကြေးသုံးစွဲမှုတွင် ငွေကြေး ကွာဟချက်များ ရှိသဖြင့် ကော်မတီ ဝင်များသို့ စာရင်းရှင်းရန်နှင့် စာရင်းလွှဲအပ်ရန် အကြိမ်ကြိမ် အကြောင်းကြားသော်လည်း မေလကုန်အထိ ရှင်းလင်းခြင်း၊ လွှဲအပ်ခြင်း မရှိသဖြင့် ယင်းကုမ္ပဏီ၏ ၂၄ ဦး ကော်မတီက ဇွန်လ ၉ ရက်နေ့ မန္တလေး နေ့စဉ်သတင်းစာ၌ ကြေညာချက် ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးမောင်စိုးက ပြောကြားသည်။

ယင်းသို့ ကြေညာခဲ့မှုတွင် အထောက်အထား မခိုင်လုံပါက၊ အချက်အလက် မမှန်ကန်ပါက တရားစွဲဆိုနိုင် ပါကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် မန္တလေးစက်မှုဇုန် ဖွံဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ ငွေကြေး သုံးစွဲမှုနှင့် ပတ်သက်၍ အဖွဲ့ဖြင့် စာရင်းများ စစ်ဆေးခြင်း၊ အလွဲသုံးစားမှုများကို ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခင်လက်ထက်က မြေကွက်ရောင်း အမြတ်ဝေစု (ငွေကျပ် ၄၅၅ သိန်း) ထုတ်မပေးသေးကြောင်း တွေ့ရှိရ၍ ကြာလျှင် ငွေကြေး အလွဲသုံးစားမှုများနှင့်ရော ထွေးနိုင်ကြောင်း၊ ယင်းကုမ္ပဏီပိုင် ဘက်စုံသုံး (MPV) ဆူပါကာစတန် ယာဉ်များကို ယခင် တာဝန်ရှိသူအချို့က မိမိတို့ ကိုယ်ကျိုးအတွက် အမြတ်သိန်းရာချီ ယူပြီး ရောင်းချထားမှုများကို ကုမ္ပဏီစာရင်းများ စစ်ဆေးရေးအဖွဲ့က တွေ့ရှိရကြောင်း အဆိုပါ ရှယ်ယာရှင် ၂၄ ဦး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရှယ်ယာရှင်၂၄ ဦး အနေနှင့် အချင်းချင်း တွေ့ဆုံညှိနှိုင်း ဖြေရှင်း၍ ရနိုင်ပါလျက်နှင့် ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းသည် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ယင်းကိစ္စကို တိုင်းသိပြည်သိ ဖြစ်အောင် မလုပ်ဘဲ အချင်းချင်း ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သင့်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ကုမ္ပဏီ၏ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး တွင် ကုမ္ပဏီ ငွေစာရင်း ရှင်းတမ်းကို ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် အချိန်တွင် ကုမ္ပဏီ၌ ငွေကြေး တစ်ပြားတစ်ချပ်မှ မရှိကြောင်း၊ ယခုအခါ ဘဏ်တွင် ကျပ်သိန်း ၂၆၀၀ ကျော် အပ်နှံထားကြောင်း ဦးကျော်ဝင်းက ထပ်မံပြောကြားသည်။

မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကို ၂၀၀၄ ခုနှစ်တွင် ရှယ်ယာရှင်များနှင့် ဖွဲ့စည်းခဲ့ပြီး မန္တလေး စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီပိုင် ဘက်စုံသုံး (MPV) ဆူပါကာစတန် ယာဉ်များကို ထုတ်လုပ်ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment