Monday 16 June 2014

လက်ရှိ မြန်မာနိုင်ငံ အခြေအနေများနှင့် များစွာလွဲချော်နေသည့် IRI စစ်တမ်းကို တန်ပြန်တုံ့ပြန်ပွဲ ပြုလုပ်

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြုလုပ်သည့် IRI စစ်တမ်းအပေါ် တန်ပြန်တုံ့ပြန်ပွဲ အခမ်းအနားကို တွေ့ရစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး လက်တွေ့အခြေအနေများနှင့် ကွာခြားမှု ကြီးမားစွာရှိခဲ့သည့် အမေရိကန် အစိုးရ ကျောထောက်နောက်ခံပြု International Republican Institute (IRI) စစ်တမ်းအပေါ် တန်ပြန် တုံ့ပြန် ပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဇွန် ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တုံ့ပြန်ပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ‘ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန် ကို လူကြိုက်ပိုများပါသည်ဆိုသည့် လူထုစစ်တမ်းအပေါ် ဆွေးနွေးခြင်း’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာရေးဆရာ ဒေါက်တာဖေမြင့်၊ စာရေးဆရာ မောင်သံဒိုင်(ဘောဂဗေဒ)နှင့် ကယန်းပြည်သစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်တို့က IRI စစ်တမ်းများ၏ လွဲမှားမှုများကို ထောက်ပြကာ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

လူထုကြားထဲတွင်နေပြီး လူထုနှင့် တစ်သားတည်းကျသည့် နိုင်ငံရေးသမားများသည် လူထုသဘောထားကို ကောင်းစွာသိကြောင်း၊ လူထုနှင့် ကင်းကွာနေသည့် နိုင်ငံရေးသမားများသာ အများပြည်သူ၏ သဘောထားကို မသိသည့်အတွက် မေးရမြန်းရခြင်းဖြစ်ကြောင်း၊ လူထုအမြင်ကို လိုက်ကောက်သည်ဆို သည် မှာ အများပြည်သူနှင့် ကင်းကွာနေသည့် နိုင်ငံရေးသမားများ၏ နောက်ဆုံးအားကိုးရာပင်ဖြစ်ကြောင်း၊ စစ်တမ်းဆိုသည်မှာ လုံခြုံစိတ်ချမှု အခြေအနေကြောင့် အဖြေမှန် မရနိုင်ဘဲ လုံခြုံလွတ်လပ်စွာ ဆန္ဒပြုခွင့်ရမှ သာ သဘောထားအမှန်များ ရမည်ဖြစ်ကြောင်း ဒေါက်တာဖေမြင့်က ပြောကြားသည်။

စာရေးဆရာနှင့် စီးပွားရေးတက္ကသိုလ် ကထိကဟောင်း တစ်ဦးဖြစ်သူ ဆရာမောင်သံဒိုင် (ဘောဂဗေဒ) ကမူ IRI စစ်တမ်း၏ သုတေသပြုလုပ်ပုံ အားနည်းချက်များကို ၎င်း၏ သုတေသန အတွေ့အကြုံများဖြင့် ယှဉ်တွဲဆွေးနွေးခဲ့သည်။

ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်က IRI စစ်တမ်းပါ ဖက်ဒရယ်စနစ်ထက် တစ်ပြည်ထောင် စနစ်ကို ပြည်သူလူထုက ပိုကြိုက်သည်ဆိုသော အချက်မှာ တိုင်းရင်းသားများ၏ သဘောထားနှင့် လုံးဝ ဆန့်ကျင် နေခြင်းနှင့် ပတ်သက်၍ အဓိက ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့သည်။    

IRI စစ်တမ်းကို ယခုနှစ် ဧပြီလအစောပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်တမ်းထဲပါ အချက်များအနက် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ ကောင်းမွန်ကြောင်း ၈၅ ရာခိုင်နှုန်းက သဘောထားပေးခြင်း၊ အစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကို ၅၇ ရာခိုင်နှုန်းက ထောက်ခံသည်ဟု ပါရှိခြင်း၊ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု အနည်းငယ်သာ ရှိသည်ဟု ရာခိုင်နှုန်း ၅၀ က ဖြေဆိုခဲ့ခြင်း စသည့်အချက်များအပေါ် အဓိကဝေဖန်မှုများ ရှိခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment