Monday 16 June 2014

ရွှေတောင်မြို့တွင် တွေ့ခဲ့သည့် ရဟန္တာရုပ်တုများ ကုန်းဘောင်ခေတ် လက်ရာဟု ခန့်မှန်း

ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပေကုန်းကျေးရွာ အနီးရှိ ချုံနွယ်များကြားမှ တွေ့ခဲ့သည့် ရှေးလက်ရာ ရဟန္တာရပ်တုများသည် ကုန်းဘောင်ခေတ် လက်ရာများဟု ခန့်မှန်းရကြောင်း သရေခေတ္တရာမြို့ဟောင်း လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်တော်မူ ရဟန္တာ ၈၀ နှင့်အတူ စေတီပျက် ကိုးဆူ၊ ဗုဒ္ဓရုပ်ပွားတော် လေးဆူတို့အပြင် သိမ်ကျောင်း၊ ခြသေ့င်္ရုပ်၊ ဘီလူးရုပ်များကိုလည်း တွေ့ရှိရပြီး နေထွက်သိမ်ဟု ဒေသခံများ သတ်မှတ်လျက်ရှိကာ လာရောက်ဖူးမျှော်သူ အများအပြား ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။ 

ယင်းနေရာကို ပေးကုန်းကျေးရွာအနီး တောအုပ်အတွင်းတွင် ဧပြီလဆန်းက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ချုံနွယ်များ ရှင်းလင်းရာမှ ရှေးဟောင်းရုပ်တုများ ပေါ်လာခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် လာရောက်ကြည့်ရှုသူ များသော်လည်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ဘတ်ဂျက်တင်ပြီးမှ ထိန်းသိမ်းရေးလုပ်ငန်းများ စတင်နိုင်မည် ဖြစ်ကြောင်း သရေခေတ္တရာမြို့ဟောင်း လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

“လုပ်ငန်းအဖွဲ့ အနေနဲ့ သရေခေတ္တရာနဲ့ မိုင် ၂၀ ပတ်လည်မှာ ရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို မှတ်တမ်းတင်ရတယ်။ တွေ့တာကတော့ ဒီနှစ် ဧပြီလဆန်းမှာ စတွေ့တယ်။ အဆောက်အအုံ ပုံစံ၊ ဗိသုကာလက်ရာ၊ ခေတ်လက်ရာ နှိုင်းယှဉ်ချက်အရတော့ ကုန်းဘောင်ခေတ်နှောင်း အလယ်ပိုင်း အမရပူရခေတ်နဲ့ နှောင်းပိုင်း ရတနာပုံခေတ်မှာ ရှိခဲ့တဲ့ သာသနိက အဆောက်အဦလို့ ယူဆရတယ်” ဟု ၎င်းကဆိုသည်။ 

၂၀၀၄ ခုနှစ်တွင် ရွှေတောင်မြို့နယ် ဖိုးသိန်းတန်ရွာတွင် တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် ရွှေတောင်မြို့နယ် ဆင်သေ ရွာတွင် တစ်ကြိမ် သိမ်ပုံသဏ္ဌာန်နှင့် ရှေးဟောင်းလက်ရာများ တွေ့ရှိခဲ့ကြသော်လည်း ပြုပြင်မှုများကြောင့် ရှေးဟောင်းလက်ရာများ မတွေ့ရှိရတော့ကြောင်း ရွှေတောင်မြို့နယ် ဒေသခံများထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment