Monday 16 June 2014

မန္တလေးတိုင်းဒေသကြီးအတွင်း လူဦးရေတိုးနှုန်း အမှန်ရရှိရေး ဖွားသေစာရင်း ကောက်ခံမှု ခက်ခဲဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း လူဦးရေတိုးနှုန်း အမှန်ရရှိရေးအတွက် ဖွားသေစာရင်းများကို လစဉ် တစ်နှစ်တိတိ ကောက်ခံကာ တွက်ချက်မည် ဖြစ်သော်လည်း ကျေးလက်ဒေသမှ မွေးဖွားမှုနှုန်း ရရှိရေး အခက်အခဲ ရှိနေကြောင်း အဆိုပါ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သန်းခေါင်စာရင်း မကောက်သည့် ကြားကာလ နှစ်များတွင် တိုင်းဒေသကြီးအတွင်း လူဦးရေတိုးနှုန်း တွက်ချက်ရန်အတွက် ဧပြီလမှ စတင်ကာ ယင်းသို့ ကောက်ယူနေခြင်း ဖြစ်ရာ ကျေးလက်ကျန်းမာရေး ဌာနခွဲ မရှိသည့် ကျေးရွာများတွင် မွေးဖွားမှုစာရင်း အတိအကျ ရယူရန် ခက်ခဲကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ကျေးလက်တွေမှာက အရပ်လက်သည်နဲ့ မွေးပြီး မွေးစာရင်းလုပ်ဖို့ အသိပညာ အားနည်းနေသေးတော့ မွေးဖွားမှုနှုန်း အမှန်ရဖို့ ဆောင်ရွက်နေရတုန်းပဲ” ဟု ၎င်းကဆိုသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့ စသည်တို့က မန္တလေးတိုင်းဒေသကြီး မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းကာ ကျေးလက်ဒေသများတွင် မွေးဖွားမှုနှုန်း သိရှိနိုင်ရေး ဆောင်ရွက်နေကြောင်း အဆိုပါ ဌာနထံမှ ထပ်မံသိရသည်။

“ပြောင်းရွှေ့နေထိုင်သူတွေက တောင်ပေါ်မှာ သွားနေကြတော့ အဲဒီမှာ မွေးလိုက်ရင် ဘယ်သူမှ မသိဘူးလေ။ ရွာထဲရောက်လာလို့ ကျောင်းလာအပ်တယ် ဆိုရင်တောင် မွေးစာရင်း မပြောနဲ့ ဘယ်နေ့က မွေးတယ် ဆိုတာတောင် မသိကြဘူး။ လက်နှစ်ဖက်နဲ့ ယှက်ပြီး နားရွက်ကို စမ်းမိတယ်ဆိုရင် ငါးနှစ်ပြည့်ပြီ ဖြစ်လို့ အဲဒီလို ကလေးမျိုးဆို ကျောင်းအပ်လက်ခံတယ်” ဟု ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာ အခြေခံမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းစိုးက ဆိုသည်။

တစ်နိုင်ငံလုံး လူဦးရေတိုးနှုန်းအရ မန္တလေးတိုင်းဒေသကြီးတွင် တစ်လလျှင် ၄၈၀၀ ဦး တိုးနှုန်း ရှိရမည် ဖြစ်သော်လည်း မေလက ကောက်ယူရရှိသည့် စာရင်းများအရ သုံးထောင်ကျော်သာ ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ ထပ်မံသိရသည်။

ကုလသမဂ္ဂက ထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေတိုးနှုန်းမှာ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၀ ဒသမ ၈ ရာခိုင်နှုန်း ရှိနိုင်ကြောင်း သိရသည်။

The Voice Weekly 

No comments:

Post a Comment