Monday 16 June 2014

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း မပြဋ္ဌာန်းမီ ဘာသာရေး ခေါင်းဆောင် များနှင့် ဆွေးနွေးရန် သမ္မတထံ တောင်းဆိုမည်

သာသနာရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဘာသာအသီးသီးရှိ ဘာသာရေး ခေါင်းဆောင်များဖြင့် ဆွေးနွေးပြီးမှသာ ပြဋ္ဌာန်းရန် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ဘုရားကြီးများအဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တောင်းဆိုမည် ဖြစ်ကြောင်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဒေါက်တာစောလှိုင်ဘွားက ပြောကြားသည်။ 

ဇွန်လ ၁၅ ရက်နေ့ တာမွေမြို့နယ် ချက်ထရီယမ် ဟိုတယ်တွင် ပြုလုပ်သော ကိုးကွယ်ရာ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

အဆိုပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဇွန်လ ၁၆ ရက်နေ့ ပြုလုပ် မည့် ကတ်သလစ် ဘုန်းတော်ကြီးများ အစည်းအဝေးတွင် ဥပဒေပါ လိုအပ်ချက်များကို ဆွေးနွေးဆုံးဖြတ်ပြီး နိုင်ငံတော်သမ္မတထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဒေါက်တာစောလှိုင်ဘွားက ပြောကြားသည်။ 

မေလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့ပြီး ပြည်သူများထံမှ အကြံပြုချက် များကို တောင်းခံထားသည်။ 

အဆိုပါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာကူးပြောင်းလိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီးနောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာကူးပြောင်းခြင်းဆိုင်ရာ မှတ်ပုံတင်ကို ထုတ်ပေးမည် ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။ 

ထို့အပြင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲ သုံး စားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေမူကြမ်းတွင် ပါရှိသည်။ 

သိုသော်လည်း သာသနာရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းသည် မြန်မာနိုင်ငံရှိ လူမျိုးစုများအကြား ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မေလ နောက် ဆုံး ပတ် အတွင်း သတိပေးချက် ထုတ်ပြန်သည်။

The Voice Weekly 

No comments:

Post a Comment