Monday 16 June 2014

ရခိုင်ရှိ ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှု စတင်

ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော် ရှိသည့် ရခိုင်ပြည်နယ်ရှိ မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်ကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်မှုကို ဇွန်လ ၁၅ ရက်နေ့က စတင်နေပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။

မြေပုံမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေအပေါ် မူတည်ကာ အခြားမြို့နယ်များကိုလည်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

မြေပုံမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းကို သွားရောက်ကာ နိုင်ငံသားစိစစ်မှု စတင်နေခြင်း ဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့တွင် နိုင်ငံသားပြုခွင့် ရရှိရန် လျှောက်ထားသူ ဘင်္ဂါလီ ၅၀ ဝန်းကျင်ရှိကြောင်း၊ ကနဦးအနေနှင့် နိုင်ငံသားစိစစ်ရေး ကတ်ရှိသူများကို စစ်ဆေးနေပြီး နောက်ပိုင်းတွင် ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်သူများကိုလည်း စစ်ဆေးမည် ဖြစ်ကြောင်း ဦးမောင်မောင်သန်းက ပြောဆိုသည်။

နိုင်ငံသားစိစစ်မှု ပြုလုပ်စဉ် အကြမ်းဖက်မှု မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန် ယူပေး ကြောင်း၊ နိုင်ငံသားစိစစ်မှု ပြုလုပ်ရာတွင် မြို့နယ်၊ ပြည်နယ်၊ ဗဟိုအထိ အဆင့်ဆင့် စိစစ်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနထံမှ သိရှိရသည်။

နိုင်ငံသားဖြစ်ခွင့် မရရှိသူများကို မည့်သို့ လုပ်ဆောင်သွားမည်ကို အစိုးရအဖွဲ့နှင့် တိုင်ပင်ပြီးမှသာ ပြောဆိုနိုင် မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက စစ်တွေမြို့ မြို့မိမြို့ဖနှင့် ဇွန်လ ၁၃ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်ခင် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်နေထိုင် သူ၏ တတိယမျိုးဆက် Third Generation များသည် နိုင်ငံသားပြုခွင့် ရရှိမည်ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment