Monday 16 June 2014

ဟာသသရုပ်ဆောင် ဒါရိုက်တာကုသိုလ် အသည်းရောဂါဖြင့် ကွယ်လွန်

Photo: လူရွှင်တော်၊ သရုပ်ဆောင်ဒါရိုက်တာ ကုသိုလ်ကွယ်လွန်
Monday, June 16, 2014

လူရွှင်တော်၊ သရုပ်ဆောင်ကုသိုလ်သည် ဇွန်လ ၁၅ ရက် နေ့လယ်
 ၁၂ နာရီ ၄၀ မိနစ်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဖြင့်
ကွန်လွယ်သွားကြောင်း သတင်းရရှိသည်။

ဦးကုသိုလ်ရုပ်အလောင်းကို နာရေးကူညီမှုအသင်းက ယနေ့ညနေပိုင်းတွင် ဆေးရုံ၌ သွားသယ်ကာ ရေခဲတိုက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေက အတည်ပြုပြောကြားသည်။

7Day News Daily
နာမည်ရ ဟာသပြဇာတ် တစ်ခုဖြစ်သော သရဲလေးကောင် ပြဇာတ်တွင် သရဲမအဖြစ် ပါဝင်ခဲ့သော အနုပညာလောကတွင် ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ်သာမက၊ ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားများစွာ ရိုက်ကူးပြီး အောင်မြင်မှုများ ရရှိခဲ့သူ ကုသိုလ်သည် ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်ရှိ၊ အောင်ရတနာ ဆေးခန်း၌ အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း အနုပညာ မိတ်ဆွေတစ်ဦး ဖြစ်သည့် ဟာသသရုပ်ဆောင် ဂွမ်းပုံက The Voice သို့ ပြောကြားသည်။ 

“မဂွမ်းတို့က သင်္ဃန်းကျွန်း Orange Supermarket နားမှာ ဇာတ်ကားရိုက်နေတုန်း ကိုကုသိုလ် ဆုံးတဲ့ သတင်းကို ကြားရတဲ့အတွက် အားလုံး တော်တော်စိတ်မကောင်း ဖြစ်သွားကြတယ်။ ကြားကြားချင်းပဲ အောင်ရတနာ ဆေးခန်းကို မဂွမ်းတို့သွားပြီး သူ့အမျိုးသမီးကို အားပေးခဲ့ပါတယ်။ သူက အသည်းရောဂါကြောင့် သောကြာနေ့ကတည်းက ဆေးရုံတင်ထားရတာလို့ ပြောတယ်။ အသည်းက အလုပ်မလုပ်တော့ အဆုတ်ထဲမှာ၊ ချွဲတွေ၊ သလိပ်တွေ ပိတ်နေတယ်။ အောက်ဆီဂျင် ပေးပေမယ့်လည်း အသက်မရှူနိုင်တော့ဘဲ ဆုံးသွားခဲ့တာလို့ သူ့အမျိုးသမီးက ပြောပါတယ်” ဟု ဟာသသရုပ်ဆောင် ကုသိုလ် ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ဝမ်းနည်းစကား ပြောဆိုသည်။ 

ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ ကုသိုလ်သည် အသက် ၆၀ အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ထွေးထွေးဝင်းနှင့် အတူ၊ သားများဖြစ်သော ဘိုဘိုထွန်း၊ ပုညကုသိုလ်နှင့်၊ သမီးဖြစ်သူ မွန်မြတ်ကုသိုလ်တို့ ကျန်ရစ်ခဲ့ကြောင်း၊ သရုပ်ဆောင်၊ ဒါရိုက်တာကုသိုလ်၏ ရုပ်ကလပ်ကို ဇွန်လ ၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်သွားမည် ဖြစ်ပြီး ၎င်းနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက်၊ ယဿဝတီလမ်း၊ အိမ်အမှတ် (၁၁၃၁) မှ နာရေးကြို/ပို့ ယာဉ်များ ယင်းနေ့ ညနေ ၄ နာရီတွင် ထွက်ခွာမည် ဖြစ်ကြောင်း ကုသိုလ်၏ ဆွေမျိုးတစ်ဦးက ပြောကြားသည်။ 

အနုပညာလောကအတွက် ဘက်စုံထူးချွန်သည့် အနုပညာ ညီအစ်ကိုတစ်ဦး ကြွေလွင့်ခဲ့သည့်အပေါ် များစွာ ဝမ်းနည်းမိကြောင်း၊ ကုသိုလ်မှာ ဟာသသရုပ်ဆောင် အဖြစ်သာမက ဒါရိုက်တာအဖြစ် ဇာတ်ကားများ ရိုက်ကူးရာတွင်လည်း သရုပ်ဆောင်များကို နိုင်နင်းစွာ ညွှန်ကြား ပြသနိုင်သည့် အနုပညာ အရည်အသွေး ပြည့်ဝသူ တစ်ယောက်ဖြစ်ကြောင်း၊ ၎င်းရိုက်ကူးသည့် ဒရမ်မာ ဇာတ်ကားများမှာလည်း အောင်မြင်မှု ရရှိခဲ့ကြောင်း၊ လူရွှင်တော်အသင်း (ရန်ကုန်) မှ အသင်းဝင်များအနေနှင့် ဟာသလူရွှင်တော် တစ်ဦးဖြစ်သည့် ကုသိုလ်၏ နာရေးကို လိုက်ပါ ပို့ဆောင်ပေးကြမည် ဖြစ်သကဲ့ သို့အသင်း ရန်ပုံငွေထဲမှလည်း နာရေးအတွက် ထောက်ပံ့ကူညီ ပေးသွားမည် ဖြစ်ကြောင်း လူရွှင်တော်အသင်း (ရန်ကုန်) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဟာသသရုပ်ဆောင် ခင်လှိုင်က ပြောကြားသည်။ 

“ကိုကုသိုလ်က အနုပညာပိုင်းမှာ ထူးချွန်ထက်မြတ်တဲ့ ပညာရှင် တစ်ယောက်ပါ။ ကျွန်တော်သူ့ကို လေးလည်း လေးစားတယ်။ ချစ်လည်း ချစ်ပါတယ်။ သူ့ရဲ့ အနုပညာ ဖန်တီးမှုတွေကလည်း အင်မတန် ကောင်းပါတယ်။ ဒီလိုလူတစ်ယောက် ဆုံးရှုံးသွားတာ အနုပညာလောကအတွက် ဆုံးရှုံးမှုတစ်ခုပါပဲ” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဝမ်းနည်းစကား ဆိုသည်။ 

ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ ကုသိုလ်သည် ၁၉၈၀ ခုနှစ် မတိုင်ခင်က အနုပညာလောကသို ဝင်ရောက်ခဲ့ပြီး ဇာတ်ကားပေါင်း များစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့ရုံသာမက ဒါရိုက်တာအဖြစ်ပါ ဇာတ်ကားပေါင်း ၄၀ ဝန်းကျင်ခန့် ရိုက်ကူးခဲ့သည်။ အနုပညာရှင်ဘဝတွင် သရုပ်ဆောင် ကုသိုလ်မှာ ပြီးပါပြီ သံချပ်အဖွဲ့တွင် ပါဝင်ပြီး တစ်ခေတ်တစ်ခါက သင်္ကြန်ပွဲတော်များတွင် အောင်မြင်မှု ရရှိခဲ့သကဲ့သို့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်ညွှန်ကြားပြီး သရုပ်ဆောင် လွင်မိုး၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော် စသည့် ဟာသ သရုပ်ဆောင်များနှင့် ၎င်းကိုယ်တိုင် ပါဝင်ခဲ့သည့် သရဲလေးကောင် ပြဇာတ်တွင် သရဲမအဖြစ် သရုပ်ဆောင်ခဲ့ကာ ပရိသတ်များ၏ နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့သူ ဖြစ်သည်။ ဟာသသရုပ်ဆောင် တစ်ယောက် ဖြစ်သော်လည်း ဒါရိုက်တာဘဝတွင် မိဘမေတ္တာဖွဲ့ ဒရမ်မာဇာတ်ကားများကို ရိုက်ကူးပြီး အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment