Thursday 22 May 2014

အပယ်ခံ KIA တပ်ဖွဲ့ဝင်များ နေရပ်ပြန်ရပြီ

Photo: အပယ်ခံ KIA တပ်ဖွဲ့ဝင်များ နေရပ်ပြန်ရပြီ
Thursday, May 22, 2014

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အေပြီလအတွင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၌ ထိခိုက်ဒဏ်ရာရရှိခဲ့သော KIA တပ်ဖွဲ့ဝင်များသည် မေ ၂၀ ရက်နေ့မှ စ၍ နေရပ်အသီးသီးသို့ ပြန်လာရပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အေပြီလ ပထမပတ်မှစ၍ အစိုးရတပ်များက KIA စခန်းများဖြစ်သော ဒဂေါ်မကာဘွမ်စခန်းနှင့် မိုင်ဆတ်စခန်း တို့အား ၀င်ရောက်တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ထိခိုက်ဒဏ်ရာရသူ တပ်ဖွဲ့ဝင်များအား တရုတ်နိုင်ငံ မံရှီဆေးရုံ ၌ ဆေးကုသမှုခံယူခဲ့ကြရကြောင်း နေရပ်ပြန် KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ ခေါ်တုန်းက အတင်းဖမ်းသွားတာ၊ အခု တိုက်ပွဲတွေမှာ ဒဏ်ရာရလို့ ခြေတွေလက်တွေ ပြတ်ပြီး အတုတွေနဲ့ ပြန်လာရပြီ၊ KIA က သူတို့နဲ့မဆိုင်တော့တဲ့ ပုံစံနဲ့ မောင်းထုတ်လိုက်တာလေ ” ဟု ခြေတုဖြင့် ပြန်လာသော တပ်ဖွဲ့ဝင်တစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိကာ ခြေတု၊ လက်တုများဖြင့် ပြန်လာရသော တပ်ဖွဲ့ဝင်များအတွက် KIA အဖွဲ့ ခေါင်းဆောင်ပိုင်းမှ မည်သည့်ခံစားခွင့်မျှ စီစဉ်ပေးခြင်းမရှိကြောင်း၊ မိဘဆွေမျိုးများကိုယ်တိုင် သွားရောက် ခေါ်ဆောင်ရကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ KIO Technical Advisory Team အဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ ဖုန်းလက်ခံဖြေဆိုမည့်သူ မရှိသဖြင့် ဆက်သွယ်၍ မရခဲ့ပါ။

“ အချို့ မိဘတွေကတော့ သွားခေါ်ကြတယ်၊ တချို့ကတော့ မခေါ်ကြသေးဘူး၊ အခုလောလောဆယ် သူတို့ကို အရင်က KIA စခန်းဟောင်း ၀ရာဘွမ်ဆေးခန်းမှာထားတယ်လို့ သိရပါတယ်၊ ဒုက္ခိတဖြစ်သွားပြီဆိုတော့ KIA က ဘယ်သုံးတော့မလဲ၊ ကိုယ့်တိုင်းရင်းသားအချင်းချင်းအပေါ် တာဝန်မယူချင်လို့ ပစ်လိုက်တဲ့သဘောပဲလေ၊ အဲဒီ ဒုက္ခိတတွေက ဘာလုပ်စားနိုင်တော့မလဲ ” ဟု ဒေသခံ မဂျာနူးက ဆိုသည်။

KIA မှ ဒေသခံများအား ဖမ်းဆီးပြီး တိုက်ပွဲများတွင် အသုံးချခဲ့သော်လည်း ယခုကဲ့သို့ ခြေပြတ်၊ လက်ပြတ်၊ ဒုက္ခိတဘ၀ရောက်မှ လက်လွတ်စပယ် နေရပ်ပြန်ခိုင်းခြင်း၊ လစာ၊ ရိက္ခာ၊ နေရာထိုင်ခင်း စီစဉ်ပေးမှု မရှိခြင်းတို့ အပေါ် ဒေသခံပြည်သူများက စိတ်ဆိုးဒေါသဖြစ်နေကြကြောင်း သိရသည်။

KIA မှ ပြန်လွှတ်လိုက်သော ခြေလက်အင်္ဂါစွန့် တပ်ဖွဲ့ဝင်များမှာ ဒေသခံကချင်များသာမက အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခြင်းခံရသော ရှမ်း၊ ဗမာ၊ ပလောင်နှင့် ရခိုင်တိုင်းရင်းသားများလည်း ပါဝင်ပြီး မိဘအုပ်ထိန်းသူ များနှင့် အဆက်အသွယ် မရသော သူများမှာ ၀ရာဘွမ်ဆေးခန်း၌ သောင်တင်ကာ KIA အဖွဲ့၏ ဖိအားပေး မောင်းထုတ်ခြင်းကို ခံနေရကြောင်း နေရပ်ပြန်ရောက်လာသော KIA တပ်ဖွဲ့ဝင်များထံမှ သိရှိရပါသည်။

ညီသစ် (မြစ်ကြီးနား )

No comments:

Post a Comment