Thursday 22 May 2014

လွှတ်တော် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပြောင်းလဲ သတ်မှတ်

ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မှတ်ပုံတင်ကြေးကို မူလ ကျပ်ငွေငါးသိန်း သတ်မှတ်ထားရာမှ ကျပ်ငွေသုံးသိန်းသို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးနှင့် ပတ်သက်ပြီး မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး Sky Star ဟိုတယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပြီးနောက် ယင်းသို့ လျှော့ချသတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“တချို့ပါတီတွေဆိုရင် တစ်သိန်းအထိ လျှော့ပေးဖို့ ပြောတာပဲ၊ သုံးသိန်းက အသင့်တော်ဆုံး သတ်မှတ်ပေး တာ ပါ။ မကြာခင် ပြင်ဆင်ချက် နည်းဥပဒေ မူကြမ်းကို ထုတ်ပြန်သွားမှာပါ” ဟု ဦးသောင်းလှိုင် က ဆိုသည်။

မှတ်ပုံတင်ကြေး လျှော့ချပေးရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးပွဲတိုင်းတွင် နိုင်ငံရေးပါတီများမှ တောင်းဆို ဆန္ဒပြုလေ့ ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြော ကြား သည်။

“ပါတီ တော်တော်များများက တောင်းဆိုတာကို လိုက်လျောပေးတာ ကောင်းတဲ့ လက္ခဏာပါပဲ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ငါးသိန်းမှ သုံးသိန်းသို့ လျှော့ချပေးခြင်းသည် ငွေကြေး အခက်အခဲ ရှိသော လွှတ်တော် ကိုယ်စားလှယ်များ မှတ်ပုံတင်ရာတွင် အဆင်ပြေနိုင်သောကြောင့် ကြိုဆိုကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။ 

“ကိုယ်စားလှယ်လောင်းတွေက မှတ်ပုံတင်ကြေးက တစ်မျိုး၊ မဲဆွယ်စည်းရုံးရတဲ့ စရိတ်ကတစ်မျိုး ဆိုတော့၊ ကုန်ကျငွေ တော်တော်များနေတာ၊ တစ်ဖက်က အခုလိုမျိုး လျှော့ချပေးလိုက်တော့ အဆင်ပြေတာပေါ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် ပြင်ဆင်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ကြမ်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် မဲအရေအတွက် ရှစ်ပုံတစ်ပုံ ထောက်ခံမဲ ရရှိလျှင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ပြန်လည်ပေး အပ် မည် ဖြစ်ကြောင်း ကော်မရှင်က ဖြည့်စွက် ပြင်ဆင်ထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ် မှတ်ပုံ တင်ကြေး ကို ကျပ်ငါးသိန်း သတ်မှတ်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး လွန်စွာ မြင့် မားကြော င်းနှင့် အ တိုက် အခံ ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမြောက်အမြား ရွေးကောက်ပွဲ ဝင်ရောက် မယှဉ်ပြိုင်နိုင်ရန် စီမံထားခြင်း ဖြစ်သည်ဟု အတိုက်အခံ ပါတီအချို့နှင့် နိုင်ငံတကာ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များက ဝေဖန်ခဲ့ကြသည်။

ယင်းကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပရန် စီစဉ်ထားသော လစ်လပ်မဲဆန္ဒနယ် ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ် စားလှယ်လောင်းများမှာ မှတ်ပုံတင်ကြေး ကျပ်သုံးသိန်းသာ ပေးသွင်းရတော့မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment