Thursday 22 May 2014

တနင်္သာရီတိုင်းတွင် နေ့စားလပေး မူလတန်းပြဆရာမ ၁၂၀၀ ကျော်ခန့်မည်

အခြေခံပညာ မူလတန်းကျောင်း ၇၀၀ ကျော်ရှိသော တနင်္သာရီတိုင်းဒေသကြီး ၌ ယခုနှစ် အတွင်း နေ့စားလပေး မူလတန်းပြ ဆွဲခန့် ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ကို ခန့်အပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး ညွန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေ့စားလပေး ဆရာ၊ ဆရာမများ ခန့်ထားရန် လျှောက်လွှာခေါ်ယူရာ ဘွဲ့ရ ၃၀၇၆ ဦး၊ ဆယ်တန်းအောင် ၂၄၇၇ ဦး၊ နဝမတန်းအောင် ၂၉၃၃ ဦး စုစုပေါင်း ၈၄၈၆ ဦး လျှောက်ထားပြီး ဘွဲ့ရ ၂၈၁၆ ဦး၊ ဆယ် တန်းအောင် ၂၂၇၂ ဦးနှင့် နဝမတန်းအောင် ၂၅၈၅ ဦး၊ စုစုပေါင်း ၇၆၇၃ ဦး ဝင်ရောက် ဖြေဆို ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

“အမှတ်စာရင်းတော့ ခြစ်ပြီးပြီ။ အလုပ်ခန့်ထား နိုင်ရေးမူကို ရေးဆွဲပြီး ဇွန်လ ၁ ရက်နေ့အမီ ခန့်ထားနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ နေ့စားလပေး ဆွဲခန့် မူလတန်းပြ လျှောက်ထားသူများကို မေလ ၁၂ ရက်နေ့က အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေ ဗဟုသုတ ဘာသာရပ်သုံးခုကို ပေါင်းကာ တစ်နာရီအကြာ မေးခွန်း မေးမြန်းခဲ့သည်ဟု သိရသည်။

ဝေးလံသော ကျေးလက်ဒေသရှိ စာသင်ကျောင်းများတွင် ယင်းကျေးရွာများ၌ နေထိုင်သော နဝမတန်း အောင်ပြီးသူများကို ခန့်အပ်သွားမည်ဟု ယင်းတာဝန်ရှိသူက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment