Thursday 22 May 2014

အမြန်လမ်းတွင် လမ်းနံရံထိန်းများနှင့် အရှိန်နှုန်းတိုင်း ကင်မရာများ တပ်ဆင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းနံရံထိန်း (Guard Rail) များနှင့် အရှိန်နှုန်းတိုင်း ကင်မရာများတပ်ဆင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အိတ်ဖွင့် တင်ဒါ ခေါ်ယူထားသည်။
အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းနံရံထိန်း ၂၁၂၈၁၀ ပေ (၄၀ ဒသမ ၃မိုင်) ကို လမ်းပိုင်း အလိုက် တပ်ဆင်မည်ဖြစ်ပြီး အရှိန်းနှုန်းတိုင်း ကင်မရာ လေးခုကို ၀ယ်ယူတပ်ဆင်မည် ဖြစ်သည်။ တင်ဒါ လျှောက်လွှာများကို မေလ ၂၆ ရက် တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး မေလ ၃၀ ရက်နောက် ဆုံး လျှောက် ထားရမည် ဖြစ်ကာ ဇွန်လ ၂ရက်တွင် တင်ဒါဖွင့်မည် ဖြစ်သည်။ 

အိတ်ဖွင့်တင်ဒါဖြင့် လမ်းနံရံထိန်းများ၊ ကင်မရာများ ၀ယ်ယူမှုရာတွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန် ပုံငွေ ဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက ၀ယ်ယူခြင်းဖြစ်ပြီး အမြန် ဆုံး တပ် ဆင်သွားမည်ဟု ထုတ်ပြန်ထားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း ဖွင့်လှစ်ပြီး ခြောက်နှစ် အတွင်း လူ ၃၈၀ ဦးသေဆုံးပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မေလ ၁၉ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ကွင်း ဆင်းစစ်ဆေးခဲ့သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ တိုင်းတာချက်အရ ရန်ကုန်-မန္တလေး အမြန်လမ်း၏ ၆ ရာခိုင်နှုန်းသည် အမြန်ဆုံးပြုပြင်သွားရန် လိုအပ်ပြီး ၁၉ ရာခိုင်နှုန်းသည် ပြုပြင်ထိန်းသိမ်း သွားရမည့် အခြေအနေတွင် ရှိနေသည်။

ဦးသိန်းစိန်က အမြန်လမ်း၏ မူလစီမံကိန်း ရည်မှန်းချက်ပါအတိုင်း ရှစ်လမ်းသွား တံတားများအဖြစ် တိုးချဲ့ တည်ဆောက်ရန်နှင့် အမြန်လမ်းအား လက်ရှိလေးလမ်းသွားမှ ခြောက်လမ်းသွားအဖြစ် စတင်တိုး ချဲ့ရန်၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုလျော့နည်းရေးအတွက် အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်သွားရန် နှင့် လမ်းတံတားများကြံ့ခိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် စဉ်ဆက်မပြတ်စစ်ဆေး ဆောင် ရွက်သွားရန် ပြောခဲ့သည်။

၃၆၆ မိုင် ၃ ဖာလုံ အကွာအဝေးရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်ဆမှု မကြာ ခဏ ဖြစ် ပွားနေသောကြောင့် အကြံပြုစာကို မေလ ၉ ရက် မှ စတင်ပြီး ခရီးသွားများနှင့် ယာဉ်မောင်း သူ များထံ မှ တောင်းခံခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment