Thursday 8 May 2014

ရခိုင်နှင့် ကချင်တွင် သန်းခေါင်စာရင်း ပြန်ကောက်မည်

သန်းခေါင်စာရင်း ကောက်ယူ၍ မရရှိခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ် နယ်မြေတွင် ရှိသည့် ကျေးရွာ ၉၇ ရွာကို မေလအတွင်း သန်းခေါင်စာရင်း ပြန်ကောက်ယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
နည်းနာသဘောအရ သန်းခေါင်စာရင်း ကောက်ယူပြီး ရက်သတ္တပတ် ခြောက်ပတ်မှ ရှစ်ပတ်အတွင်း သန်းခေါင် စာရင်း ပြန်လည် ကောက်ယူနိုင်ကာ ယင်းကာလ ကျော်လွန်သွားပါက ကောက်ယူ၍ မရတော့ သဖြင့် မေလအတွင်း အပြီးကောက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မေလ နောက်ဆုံးရက်အထိ ကြိုးစား ဆောင်ရွက်သွားဖို့ ရှိတယ်။ အဲဒီရက်အထိ ကောက်လို့ မရရင်တော့ ဒီလုပ်ငန်းက ရပ်တန့်ရမယ်” ဟု ဦးခင်ရီက ပြောဆိုသည်။

သန်းခေါင်စာရင်းတွင် ဘင်္ဂါလီအမည် ထည့်သွင်းကောက်ခံရန် အဆိုပါ ဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဖွဲ့က ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ဘူးသီးတောင် စသည် မြို့တို့ တွင် ဘင်္ဂါလီ လူ့အဖွဲ့အစည်း ခေါင်းဆောင်၊ ဘာသာရေး ခေါင်းဆောင်များကို ညှိနှိုင်းခဲ့သော် လည်း အောင်မြင် မှု မရရှိခဲ့ကြောင်း၊ မေလ ၉ ရက်နေ့တွင် သွားမည့် ရခိုင်ပြည်နယ် ခရီးစဉ်တွင် သန်းခေါင် စာရင်း ကောက်ယူနိုင်ရန် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြော ကြားသည်။

“သန်းခေါင်စာရင်းရဲ့ တကယ့် အနှစ်သာရကို ကြိုးစားပြီးတော့ ရှင်းပြမယ်။ ရိုဟင်ဂျာဆိုတာ ကျွန်တော် တို့ နိုင်ငံမှာ လက်ခံထားတာ မရှိတဲ့အတွက် ရိုဟင်ဂျာ ရပ်တည်ချက်ကိုတော့ ပြောင်းမှာ မဟုတ်ပါဘူး” ဟု ဦးခင်ရီက ဆိုသည်။

ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုထားသဖြင့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ဘင်္ဂါလီဟု ထည့်သွင်းရန် အခက်အခဲ ရှိပါက လူမျိုးအမည် ထည့်သွင်းခြင်း မရှိဘဲ ကောက်ယူမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင် စာရင်း ကော်မရှင်မှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ခရိုင်ငါးခရိုင် ရှိသည့်အနက် နှစ်ခရိုင်က ဘင်္ဂါလီလူဦးရေ နှစ်သောင်းကျော်က ဘင်္ဂါလီ အမည်ဖြင့် သန်းခေါင်စာရင်း အကောက်ခံခဲ့ပြီး အခြားပြည်နယ်များတွင် ရှိသည့် ဘင်္ဂါလီ သုံးသိန်းခန့်က လည်း ဘင်္ဂါလီ အမည်ဖြင့် သန်းခေါင်စာရင်း အကောက်ခံကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြော ကြားသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ၃ ဒသမ ၃၃ သန်း ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၃ ဒသမ ၀၅ သန်း ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရှိရသည်။

ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင် ရှိသည့် ကျေးရွာအုပ်စု ၂၅ စုမှ ကျေးရွာ ၉၇ ရွာကိုလည်း သန်းခေါင် စာရင်း ပြန်လည် ကောက် ယူနိုင်ရေးအတွက် မေလ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲနှင့် ရန်ကုန်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေနွေးပွဲတို့တွင် ကေအိုင်အေနှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။

လက်ရှိ သန်းခေါင်စာရင်း ကောက်ယူမှု အောင်မြင်နေပြီ ဖြစ်၍ ဆက်လက် မကောက်ဘဲ အဆုံးသတ်ရန်၊ အခြား အရင်းအမြစ်များထံမှ ရနိုင်သမျှ ကိန်းဂဏန်း အချက်အလက် ရယူပြီး ယခင်ရရှိထားသည့် အချက် အလက်ကို အခြေခံ ထုတ်ပြန်ရန်၊ ပဋိပက္ခ၊ သွေးထွက်သံယို မဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်၍ အာမခံချက် ရရှိလျှင် သန်းခေါင်စာရင်း ဆက်ကောက်ရန်၊ စစ်တမ်းကောက် ရန် အချက် လေးချက်ကို လူဦးရေဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက အကြံပြုထားကြောင်း ၎င်းက ပြော ဆိုသည်။

နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူခဲ့သည်။

The Voice Weekly

No comments:

Post a Comment