Friday 2 May 2014

ရန်ကုန်မှ မြစ်ဆုံထိ ဦးဆောင်ဆန္ဒပြသူ ကိုရဲထွဋ်ခေါင်အား အောင်လံမြို့နယ် တရားရုံး၌ အသရေဖျက်မှုဖြင့် တရားစွဲထား

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်သော အဖွဲ့၌ ဦးဆောင်သူ တစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုမှ ကိုရဲထွဋ်ခေါင်အား အောင်လံမြို့ နယ် တရားရုံး၌ အသရေဖျက်မှုဖြင့် တရားစွဲထားကြောင်း တရားလိုဖြစ်သူ စာရေးဆရာ ဆရာ သန်းဝင်းအောင် က ဧပြီ ၂၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
ဆရာသန်းဝင်းအောင်သည် မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး မှတ်တမ်း လိုက် လံပြုစုရာ၌ အောင်လံမြို့နယ် အရောက်တွင် ၎င်းအား ထောက်လှမ်းရေး သတင်းပေးဟု ဆိုကာ လူပုံအလယ်၌ ၀တ်စုံများ ဆွဲချွတ်ခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ပြောဆိုခြင်းတို့ကြောင့် ပုဒ်မ ၅၀၀၊ အသရေဖျက်မှုဖြင့် တရားစွဲရခြင်းဖြစ်ကြောင်း ဆရာသန်းဝင်းအောင်က ထပ်မံ ရှင်းလင်းခဲ့သည်။

““ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်ပြီး မဟုတ်တာတွေ ပြောလို့ တရားစွဲရတာပါ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက်တဲ့ တစ်ဖွဲ့လုံးကို စွဲတာမဟုတ်ဘူး။ ကိုရဲထွဋ်ခေါင် တစ်ယောက်တည်းကိုပဲ စွဲတာ။ ဒါတောင် ပုဂ္ဂိုလ်ရေးအရ စွဲတာမဟုတ်ဘူး။ တိုင်းပြည်အနာဂတ် အတွက်ဆိုတဲ့ စိတ်မျိုးပဲရှိတယ်””ဟု ရှင်းလင်းခဲ့ သည်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ် ဆိုင်းရေးအတွက် ရန်ကုန်မှမြစ်ဆုံ အထိ မတ် ၂၃ ရက်မှ စတင်ကာ လူ အင်အား ၁၀၀ ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ပြီး ၁၃ ရက်မြောက်နေ့ ဧပြီ ၄ ရက်၊ အောင်လံမြို့ အရောက်တွင် ကိုရဲထွဋ်ခေါင်၏ လမ်းတောက်လျှောက် အာဏာပိုင်များအပေါ် မောက်မာစွာ ဆက်ဆံ မှုနှင့် ငွေကြေးကိစ္စ များကြောင့် ဦးဆောင်သူများအနက်မှ ၄ ဦး နုတ်ထွက်ခဲ့သည်။

အဆိုပါ အောင်လံတရားရုံး၌ တရားစွဲခံထားရမှုနှင့် ပတ်သက်၍ ကိုရဲထွဋ်ခေါင်အား မြန်မာသံတော်ဆင့် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ““အဖွဲ့မှာ စည်းကမ်း မလိုက်နာတဲ့ သူတွေကို အဖွဲ့က ထုတ်လေ့ ရှိပါတယ်။ တရားစွဲခြင်း၊ မစွဲခြင်းက သူနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှု မရှိပါဘူး””ဟု ပြန်လည် ဖြေကြားခဲ့သည်။

မြစ်ဆုံစီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်မှု အား နိုင် ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ထောက်ခံ အားပေးသော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဝိုင်းမော်
Myanmartandawsint Newspaper

No comments:

Post a Comment