Friday 2 May 2014

အချိန်ပို အဓမ္မအလုပ်ဆင်းခိုင်းသော စက်ရုံ ၅၀ ကျော် ခံဝန်ထိုး သတိပေးခံရ

ဥပဒေနှင့်မကိုက်ညီဘဲ အလုပ်အချိန်ပို အဓမ္မခိုင်းစေခဲ့သည့် စက်ရုံ၊ အလုပ်ရုံ ၅၀ ကျော် အား ခံဝန်ကတိ လက်မှတ်ရေးထိုး၍ သတိပေးထားကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစိစစ်ရေး ဦးစီးဌာန ညွှန် ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
မြန်မာနှစ်ကူးကာလရုံးပိတ်ရက်ကြောင့် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊အလုပ်ရုံတို့တွင် သတ်မှတ်ထားသည့် အလုပ်ချိန် ထက်ကျော်လွန်၍ အချိန်ပိုအလုပ်များ အဓမ္မခိုင်းစေမှုများ ရှိသောကြောင့် အစိုးရက လိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ရာ စက်ရုံ၊ အလုပ်ရုံ ၁၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့သည့် အနက် ၅၀ ကျော်အား ခံဝန် ကတိ လက်မှတ်ရေးထိုးခိုင်းပြီး သတိ ပေးအရေးယူထားကြောင်း သတင်းရရှိသည်။

အဆိုပါခံဝန်လက်မှတ်ရေး ထိုးထားရသည့် စက်ရုံများ အနေဖြင့် ထပ်မံချိုးဖောက်ပါက ၎င်းတို့ကို ဝန်ကြီးဌာန က တရားစွဲဆိုမည်ဟု ညွှန်ကြားထားသည်။ သို့သော် ယခုအချိန်ထိ တရားစွဲဆိုအရေးယူခံ ရသော စက်ရုံ၊ အလုပ်ရုံများ မရှိသေးကြောင်း သတင်းရရှိသည်။

‘‘အခု ရှောင်တခင် ဝင်စစ်နေတာ။ တော်တော်များများစက်ရုံတွေတွေ့တယ်။ သူတို့ကို သတိ ပေးဝန်ခံကတိ ထိုးခိုင်းထားတယ်။ ထပ်ချိုးဖောက်ရင် တရားစွဲမယ်’’ ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ရှိန်က ပြောသည်။

‘‘၁၀ လပိုင်းကတည်းက အိုတီ ဆင်းနေရတာ။ အော်ဒါကျ တော့ တော်တော်လုပ်နေရတယ်။ သင်္ကြန် ပိတ်ရက် နဲ့ဆိုတော့ တော် တော်လေးလုပ်နေရတယ် မနိုင် ဘူး’’ ဟု Korea Link အထည်ချုပ် စက်ရုံဝန် ထမ်း နေမျိုးအောင်က ပြောသည်။

ထို့အပြင် နိုင်ငံတကာတွင် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး နေ့) မေလ ၁ ရက်၌ စက်ရုံ၊ အလုပ်ရုံများ အလုပ်ပိတ်သော် လည်း ပြည်တွင်းရှိ စက်ရုံ၊ အလုပ် ရုံအချို့မှာ ယင်းနေ့တွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အလုပ်သမားများကို ပုံမှန် လုပ်ခ (သို့မဟုတ်)လုပ်ခလစာပိုပေးခြင်းဖြင့် လုပ်ကိုင်စေခိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။

ခံဝန်ကတိလက်မှတ်ရေးထိုး  ခံထားရသည့် လုပ်ငန်းအများစုမှာ အထည်ချုပ်လုပ်ငန်းများဖြစ် ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၃ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအပေါ် ဥရောပက အရေးယူပိတ်ဆို့ မှု များ ဖြေလျှော့ပေး ခဲ့ပြီးနောက် ပြည်တွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ရာ အများစုမှာ CMP လုပ်ငန်းဖြစ်သည့် အထည်ချုပ်လုပ်ငန်းများ ပိုမိုဝင်ရောက်လာခဲ့၍ ယခင်ထက် အမှာလက်ခံမှု မြင့်တက်လာ လျက်ရှိသည်။

လက်ရှိအစိုးရ ပြဋ္ဌာန်းထားသည့် ဥပဒေအရ အလုပ်သမားတစ်ဦးကို တစ်နေ့လျှင် အလုပ်ချိန်ရှစ်နာရီ၊ အချိန်ပိုအဖြစ်တစ်နေ့လျှင် သုံးနာရီသတ်မှတ်ပေးထားပြီး အခြေခံလစာ၏ နှစ်ဆပေးရမည်ဟု သတ်မှတ် ထားသည်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိ ကောင်စီအဖွဲ့ဝင် ဦးရဲနိုင်ဝင်းက ‘‘လုံးဝပပျော က်ခြင်း မရှိသေး ဘဲ အချို့စက်ရုံတွေမှာ ညလုံးပေါက် ခိုင်းစေမှုတွေ ရှိသေးတယ်’’ဟု ပြောကြားသည်။

7Day DAILY

No comments:

Post a Comment