Tuesday 20 May 2014

စစ်တွေနှင့် ပုဏ္ဏားကျွန်းကို မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ပေး မည်

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့ကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် ယခုနှစ် ဒီဇင်ဘာ လမှ စတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက မေလ ၁၈ ရက်နေ့က စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

ယခုနှစ် ဒီဇင်ဘာလမှ စတင်ကာ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့ကို မဟာဓာတ်အားလိုင်းမှ တစ်ဆင့် လျှပ် စစ်မီး ပေးသွားမည် ဆိုသော်လည်း လျှပ်စစ်သုံးစွဲမှုအတွက် ကောက်ယူမှု မီတာခ နှုန်းထားများကိုမူ ပြောဆို သွားခြင်း မရှိခဲ့ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြန်လည် ပြောဆိုသည်။ 

“လုပ်ငန်းရှင်တွေကို စက်ရုံ ဆောက်ပါလို့ ပြောသွားတယ်။ ဒါပေမဲ့ ဒီဇင်ဘာမှာ လျှပ်စစ်မီး မပေးရင် စက်ရုံ ဆောက်တဲ့သူတွေက ဘာလုပ်ရမှာလဲ” ဟု ၎င်းက ဝေဖန်သည်။ 

စစ်တွေမြို့တွင် ပုဂ္ဂလိက အစီအစဉ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ပေးနေသော်လည်း လျှပ်စစ်သုံးစွဲခ တစ်ယူနစ် လျှင် ၄၆၀ ကျပ်ဖြင့် သုံးစွဲနေရသဖြင့် အဆင်မပြေကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

“ရန်ကုန်မှာလို တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ လျှပ်စစ်မီးပေးရင် အခြေခံလုပ်ငန်းတွေ အများကြီး အဆင်ပြေသွား မယ်။ တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းတွေ ပေါ်လာမယ်” ဟု စစ်တွေမြို့ခံ တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဝင်းက ဆိုသည်။ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ကျေးရွာအချို့ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ပေးနေပြီ ဖြစ်ပြီး လျှပ်စစ် သုံးစွဲခအဖြစ် နေအိမ်သုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စီပွားရေး လုပ်ငန်းသုံးအတွက် ၇၅ ကျပ်နှုန်းဖြင့် ကောက်ယူနေသည်။ 

ပြည်ထောင်စု မဟာဓာတ်အားလိုင်းမှ တစ်ဆင့် ရခိုင်ပြည်နယ်သို့ သွယ်တန်းနေသည့် မဟာဓာတ်အားလိုင်း စီမံကိန်း အိန္ဒိယချေးငွေ၊ နိုင်ငံတော် ဘတ်ဂျတ်တို့ဖြင့် ၂၀၁၂ ခုနှစ်ကပင် စတင်ခဲ့ပြီး ယင်းစီမံကိန်း ပြီးစီးပါက တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေမြို့များနှင့် ဆက်စပ် သည့် မြို့၊ ကျေးရွာများကို လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။ 

The Voice Weekly

No comments:

Post a Comment