Tuesday 4 March 2014

Unity ဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို ပခုက္ကူ တရားရုံးတွင် ဒုတိယအကြိမ် ကြားနာစစ်ဆေး

နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေဖြင့် တရားစွဲဆိုခံရသော Unity ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် သတင်းထောက် လေးဦးတို့ကို ပခုက္ကူတရားရုံးတွင် ဒုတိယအကြိမ် ကြားနာ စစ်ဆေး ခဲ့ကြောင်း ယင်းအမှုတွင် တရားစွဲ ခံရသူများဘက်မှ ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။


ပခုက္ကူ တရားရုံးတွင် ဒုတိယအကြိမ် ကြားနာ စစ်ဆေးမှုကို မတ်လ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ တရားလိုပြ သက်သေများကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရှေ့နေများက လျှောက်လဲချက်များ တင်သွင်းခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ တရားစွဲ ခံထားရသည့် ဦးတင်ဆန်းနှင့် သတင်းထောက် လေးဦးကို တတိယ အကြိမ်မြောက် ရုံးချိန်းဖြစ်သည့် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် စစ်ဆေးနိုင်ကြောင်း Unity ဂျာနယ်မှ နယ်သတင်းထောက် ဦးလူမော်နိုင်၏ ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ၎င်းက ဆိုသည်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဂျာနယ်တိုက် တည်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ပြောင်းလဲ စစ်ဆေးရန် လျှောက်ထားခဲ့ကြောင်း ဦးရောဘတ်ဆန်းအောင်က ပြောဆိုသည်။

တရားစွဲဆို ခံထားရသူများ အာမခံ ရရှိရေးအတွက် အဓိက ဦးစားပေး ဆောင်ရွက်နေကြောင်း ဦးလူမော်နိုင် ၏ ဇနီး ဒေါ်လွင်လွင်မြင့်က ပြောကြားသည်။

ဦးတင်ဆန်းနှင့် အကြီးတန်း သတင်းထောက်များ ဖြစ်သည့် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ အငယ်တန်း သတင်းထောက် ဦးစည်သူစိုးတို့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အင်းစိန်ထောင်မှ ပခုက္ကူ ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယင်းအမှုအတွက် ပထမအကြိမ် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စတင် စစ်ဆေးခဲ့သည်။

Unity ဂျာနယ်တွင် “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ ချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” အမည်ရ သတင်းဆောင်းပါးကို ဓာတ်ပုံများနှင့် တကွ ဖော်ပြမှုသည် နိုင်ငံတော်၏ လျှို့ဝှက်ချက် ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ် နယ်မြေအတွင်း ခွင့်ပြုချက် မရဘဲ ချဉ်း ကပ်ခြင်း၊ ကြည့်ရှု စစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံ ရိုက်ယူခြင်း၊ အားပေး ကူညီခြင်း တို့ကြောင့် သက်ဆိုင်ရာ ဌာနမှ အရေးယူပေးရန်၊ ပေါက်မြို့နယ် ရဲစခန်းသို့ တိုင်ကြားသဖြင့် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် အပါအဝင် ငါးဦးကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေ ၃ (၁) (က)/ ၉ ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment