Tuesday 4 March 2014

မြောက်ကိုရီးယား တာတိုပစ်ဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံသည် တနင်္လာနေ့က တာတိုပစ် ဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ဘက်ကမ်းခြေမှ ပင်လယ်အတွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယား၏လုပ်ရပ်အား တမင်တကာရည်ရွယ်ချက်ဖြင့် ရန်စခြိမ်း ခြောက်သော လုပ်ရပ်ဟု စွပ်စွဲသည်။

ဒုံးကျည်နှစ်စင်းသည် ကီလိုမီတာ ၅၀၀ ကျော်အကွာအဝေးသို့ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယား ကာ ကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ်္ဂိုလ်က ဆိုခဲ့သည်။ အကွာအဝေးကိုကြည့်ပြီး ဆုံးဖြတ်ရာတွင် မြောက်ကို ရီးယားနိုင်ငံက ကြာသပတေးနေ့ ပစ်လွှတ် ခဲ့သည့် ဒုံးကျည်နှစ်စင်းနှင့် အမျိုးအစား တူကြောင်း တောင်ကိုရီးယားက ဆိုသည်။

တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲပြုလုပ်ခဲ့သည့် နှစ်စဉ်ပုံမှန် ပူးပေါင်း စစ်ရေး လေ့ကျင့်မှုများ စတင်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် မြောက်ကိုရီးယားက ထိုသို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဒုံးကျည်များမှာ တာတိုပစ် ဒုံးကျည်မျာထက် အနည်းငယ်ပိုဝေးသော အကွာအဝေးထိ ပစ်ခတ်နိုင် စွမ်းရှိပြီး၊ ကီလိုမီတာ ၃၀၀ မှ ၈၀၀ အတွင်း ထိရောက်စွာ ပစ်ခတ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် တောင်ကိုရီး ယားရှိ မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်စေနိုင်သောဒုံးကျည်များ ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအဖို့ ထိုသို့ စမ်းသပ်ပစ်ခတ်ခြင်းသည် သမားရိုးကျ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်သည့် ကာလများတွင် ၎င်းမနှစ်သက်ကြောင်းပြသရန် လုပ်ဆောင်လေ့ ရှိသည်။

ပထမပိုင်းတွင် ထိုပစ်ခတ်စမ်းသပ်ခြင်းများကို ၀ါရှင်တန်အစိုးရက မသိကျိုးကျွံ ပြု ခဲ့သော်လည်း နောက်ပိုင်း တွင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မိမိအပေါ် ကုလသမဂ္ဂကချမှတ်ထားသော ဒုံးလက်နက်အစီအစဉ် ဆိုင်ရာပိတ်ဆို့မှုများကို ချိုးဖောက်ကျူးလွန်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံတကာဝေဖန်မှုများနှင့် ကုလသမဂ္ဂ အရေးယူမှုများ ရှိခဲ့သော်လည်း မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ ဒုံးကျည် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယား၏ လုပ်ဆောင် မှုများက ထပ်ကာထပ်ကာ ပြသခဲ့သည်။ နိုင်ငံအား အခြားနိုင်ငံများ၏ နျူကလီးယား ရန်မှကာကွယ်နိုင်ရေး စီမံကိန်းတွင် ဒုံးကျည်အစီအစဉ်မှာ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု မြောက်ကိုရီးယား က ရှုမြင်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment