Tuesday 4 March 2014

လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများ သတ်မှတ်ချိန်အတွင်း အပြီးဖြေရှင်းနိုင် ရန် အစိုးရအဖွဲ့နှင့် လွှတ်တော် ပူးပေါင်းဆောင်ရွက်မည်

လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများ သတ်မှတ်အချိန်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတ (၂) ဦးဆောင်သော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ကြီးကြပ်မှုအောက်၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော မြို့နယ်မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီ အသီးသီးတွင် သက်ဆိုင်ရာ မြို့နယ် အလိုက် ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်ထံသို့ ဖေဖော်ဝါရီ ၂၈ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ ထားကြောင်း သိရသည်။


သို့မှသာ အများပြည်သူတို့ နစ်နာမှုမရှိစေရန် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေ အား အထောက်အကူ ဖြစ်စေမည့်အပြင် ပကတိ အခြေအနေမှန်ကိုလည်း လွှတ်တော်များက အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်၍ စီစဉ်ပေးရန် တိုက်တွန်းအပ်ပါသည်ဟု သ၀ဏ်လွှာတွင် ထည့် သွင်းပေးပို့ ထားသည်။

ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက "မြေယာပြဿနာ ကိစ္စများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့ ဖြစ်ပွားလျက်ရှိသော ကိစ္စရပ်များ ဖြစ်ပါသဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကလည်း နိုင်ငံတော်သမ္မတ၏ တိုက်တွန်းချက်နှင့်အညီ ပူးပေါင်းဆောင်ရွက် ပေးကြရန်" တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များသို့ သ၀ဏ်လွှာပေးပို့ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ ပါ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း မှုများနှင့် ပတ်သက်၍ မိုးသီးနှံစိုက်မြေများကို ယခုနှစ် ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံ စိုက်မြေများကို ယခုနှစ် စက်တင်ဘာလမတိုင်မီ ပွင့်လင်းမြင်သာစွာ အပြီးသတ် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း သ၀ဏ်လွှာ ပေးပို့ပြီးနောက် သမ္မတက ထိုသို့ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပိုင်း ၁ အဖြစ်လည်းကောင်း၊ မြို့ပြများတိုးချဲ့ တည်ဆောက်ခြင်းနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပိုင်း(၂)အဖြစ် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာချထား ပေးခြင်းနှင့် နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အပိုင်း(၃) အဖြစ် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ အကြံပြုချက်များအား ဖြေရှင်းဆောင်ရွက်မှု မရှိခြင်း၊ အသုံးမလို၍ မူလပိုင်ရှင်များသို့ ပြန်လည် လွှဲပြောင်းပြီးဟု ဆိုသော်လည်း အမှန်တကယ် လက်ဝယ်သို့ မရောက်ရှိခြင်းများ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် လယ်ယာမြေ သိမ်းဆည်းခံရသော ကာယကံရှင်များထံမှ သိရသည်။ ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ တွင် မြေယာသိမ်းဆည်းမှုကြောင့် တိုင်ကြားမှု ၇၄၅ မှု၊ မြေဧက ၅၁၂၂၀၄ ဒသမ ၇၀၄  ပါဝင်ကြောင်း သိရသည်။   

Eleven Media Group

No comments:

Post a Comment