Monday 7 October 2013

နေရောင်ခြည်မရတဲ့ဘက်မှာ သီးရတဲ့ပန်းသီးတွေ

ဒီကနေ့ကမ္ဘာမှာ လူဦးရေသန်းပေါင်း ၆၀၀၀ ကျော်ရှိတဲ့အနက် သန်းပေါင်း ၁၃၀၀ ဟာ ဆင်းရဲမွဲတွေမှု ဒဏ်အလူးအလဲ ခံစားနေကြရတယ်လို့ ဆိုပါတယ်။ တစ်ခါ စိတ်ကျရောဂါရှင်က သန်းပေါင်း ၃၄၀ ကျော် ရှိပါတယ်။ အလုပ်လက်မဲ့ ဦးရေက သန်း ၅၀၀ ကျော် ရှိပါတယ်။
၂၀၀၁ ခုနှစ်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပသွားခဲ့တဲ့ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော် မရှင် Escap ရဲ့ ၅၇ ကြိမ်မြောက် အစည်းအဝေးမှာ အဲဒီ Escap အဖွဲ့ကြီးရဲ့ အမှုဆောင်အတွင်းရေးမှူး မစ္စတာကင်ဟက်စုက မှန်ကန်တဲ့ပညာရေးစနစ်ကို လက်ခံသင်ယူခြင်း မပြုကြရတဲ့ လူငယ်တွေဟာ “ပျောက်ဆုံးသွားသော မျိုးဆက်” အဖြစ်မျိုးနဲ့ ကြုံကြရလိမ့်မယ်လို့ သတိပေး ပြောသွားခဲ့ဖူးပါတယ်။
ဒါကို စဉ်းစားရင် အထက်က ပြောခဲ့တဲ့ ကမ္ဘာ့အနိဋ္ဌာရုံများဖြစ်ကြတဲ့ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးချို့တဲ့မှု၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ ရဲ့ နောက်ဆက် တွဲပြဿနာဖြစ်တဲ့ အဆင့်မြင့်ပြီး မှန်ကန်တဲ့ ပညာသင်ကြားမှု အခွင့်အရေး လက်လွတ်ဆုံးရှုံးကြရတဲ့ နိုင်ငံတွေမှာ မျိုးဆက်ပျောက်ဆုံးမှု ဒဏ်ခံကြရမယ့် သဘော ပြောသွားမယ်လို့ ယူဆရပါလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်အကျဆုံးတိုင်းပြည်တစ်ခုအနေနဲ့ နှစ်ပေါင်းရာစုနှစ်ဝက်ကျော် နေလာခဲ့ကြရတာဖြစ်လို့ အဲဒီအထက်ကဆိုခဲ့တဲ့ ဆင်းရဲမွဲတေမှုဒဏ်ခံကြရတဲ့ လူဦးရေ သန်း ၁၃၀၀ ထဲမှာ မလွဲမသွေ ပါဝင်ခဲ့ရပါလိမ့်မယ်။ စိတ်ကျရောဂါနဲ့ အလုပ်လက်မဲ့ ကပ်ဘေးတွေကြုံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါလိမ့်မယ်။ အဆင့်မြင့်တဲ့ပညာရေးစနစ်ကို ကျွန်တော်တို့ နိုင်ငံက လူငယ်တွေ လက်ခံသင်ယူနိုင်ဖို့ အခွင့်အရေးလည်း မလွဲမသွေ လက်လွတ်ခံစားခဲ့ကြရ ပေလိမ့်မယ်။ ဒါကြောင့်မို့ (Escap) အဖွဲ့ကြီးရဲ့ အမှုဆောင်အတွင်းရေးမှူး မစ္စတာကင်ဟက်စုပြောတဲ့ ပျောက်ဆုံးသွားမယ့် မျိုးဆက်တစ်ခုဟာ ကျွန်တော်တို့ နိုင်ငံက လူငယ်တွေကိုများ ညွှန်းလိုက်သလိုဖြစ်နေပြီလားဆိုတာ မလွဲမသွေ သုံးသပ်ကြရမယ့်အချိန် ဖြစ်ပါတယ်။ ၀န်ခံသင့်တာကို ၀န်ခံ၊ ပြုပြင်သင့်တာကို အမြန်ဆုံးပြင်ဆင်ကြရမှာပဲ ဖြစ်ပါတယ်။

ပညာချို့တဲ့ခြင်းဟာ စီးပွားရေးချို့တဲ့ခြင်းအပေါ်မှာ အများဆုံး မူတည်ပါတယ်။ အဆင်ြ့မင့်ပညာကို လူငယ်တွေ သင်ကြားနိုင်ဖို့ ဆိုတာ စီးပွားရေးကောင်းမွန်တဲ့ မိသားစုဝင်ဖြစ်ဖို့ လိုအပ်ပါတယ်။ မိဘတွေ မိသားစုတာဝန်ရှိသူတွေက အလုပ်လက်မဲ့တွေ၊ ၀င်ငွေ နည်းပါးသူတွေ၊ စိတ်ကျရောဂါ ခံစားနေရသူတွေ၊ ကျန်းမာရေးအာမခံချက် ကင်းမဲ့နေရသူ
တွေဖြစ်နေမယ်ဆိုရင် အဲဒီမိသားစုအသီးသီးရဲ့ မျိုးဆက်သစ်တွေအဖြစ် ကြီးပြင်းလာကြရမယ့် လူငယ်တွေဟာ ဘယ်လိုလုပ်ပြီး အဆင့်မြင့်ပညာကို သင်ကြားနိုင်ပါတော့မလဲ။ ပညာမဲ့တဲ့လူငယ်တွေဟာ ချမ်းသာကြွယ်ဝပြီး ဉဏ်ပညာပြည့်ဝတဲ့ မိသားစုတစ်ခု၊ တိုင်းပြည်တစ်ခုကို အောင်မြင်အောင် တည်ဆောက်နိုင်သူတွေ မဖြစ်နိုင်ပါဘူး။ ဒါကို ကျွန်တော်တို့အားလုံး အပူတပြင်း စဉ်းစားဝေဖန်လက်ခံပြီး အမြန်ဆုံး ပြင်ဆင်ကြရပါလိမ့်မယ်။

တကယ်တော့ ကျွန်တော်တို့လူသားအားလုံး၊ နိုင်ငံများအားလုံးကို ဘုရားသခင်ကတော့ ပန်းသီးတွေအဖြစ် ပန်းသီးပင်တွေမှာ သီးစေမွှေးစေ ချိုမြစေခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းပြည်၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ လူငယ်တွေရဲ့အဖြစ်က ပန်းသီးအဖြစ်နဲ့ ဖြစ်တည်လာခဲ့ကြရတာ မှန်ပေမယ့် နေရောင်ခြည်မရတဲ့ဘက်မှာ သာ သီးခွင့်ရတဲ့ ပန်းသီးတွေဖြစ်လာခဲ့ပြီး ချိုမြိန်ဝပြောပြီး အဟာရပြည့်ဝတဲ့ ပန်းသီးတွေအဖြစ်တော့ ဖြစ်တည်ခွင့် မရခဲ့တာ သေချာကြောင်း တင်ပြ လိုက်ရပါတယ်။ 

Mizzima - News in Burmese

No comments:

Post a Comment