Friday 23 August 2013

သမ၀ါယမ ၀န်ကြီးဌာနအောက်တွင် စီမံကိန်းတစ်ရပ် ရရှိရုံ သပ်သပ်ဖြင့် အသေးစားချေးငွေ လုပ်ငန်းအား စွန့်စားလုပ်ကိုင်ခြင်း မပြုသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ပြောကြား

အသေးစားချေးငွေ လုပ်ငန်းနှင့် ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန် သွင်းကုန်ဘဏ် (Exim Bank of China) မှ ချေးငွေ အမေရိကန်ဒေါ် လာသန်း ၁၀၀ ရယူ ဆောင်ရွက်ရေးနှင့်
စပ်လျဉ်း၍ ဆွေးနွေးရာတွင် သမ၀ါယမ ၀န်ကြီးဌာနအောက်တွင် စီမံကိန်းတစ်ရပ် ရရှိရုံသပ်သပ်ဖြင့် အသေးစား ချေးငွေလုပ်ငန်း (Micro Finance) အား ပြည်ထောင်စု အစိုးရအနေဖြင့် စွန့်စားလုပ်ကိုင်ခြင်း မပြုသင့်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ် စားလှယ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အကြံပြု ဆွေးနွေးပြောကြားသည်။

''ဒီလိုအရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ဖို့ လုပ်တဲ့နေရာမှာ သမ၀ါယမ ၀န်ကြီးဌာန ကနေ တစ်ဆင့် ဆောင်ရွက်မယ်ဆိုရင် အလွန်အလားအလာ နည်းနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သမ၀ါယမစနစ်နဲ့ ဆောင်ရွက်ခဲ့မှု ကာလတွေ အောင်မြင်မှုရရှိမှု နည်းခဲ့ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် တောင်သူ လယ်သမားတွေရဲ့ အကျိုးစီးပွားတွေ အခွင့်အရေးတွေကို မြှင့်တင်ပေး နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ချေးငွေရယူဖို့လည်း လိုပါတယ်။ ဒါပေမဲ့ ချေးငွေရဲ့ အတိုးနှုန်းကလည်း များပါတယ်။ ၀န်ဆောင်စရိတ် များကလည်း များပြားနေပါတယ်။ ကျွန်တော်တို့ ဒီထက်နည်းတဲ့ အတိုးနှုန်းနဲ့ ရရှိတဲ့ အခြေအနေမျိုးကို ဖန်တီးပြီး ဆောင်ရွက်သင့်ပါတယ်။ ဒီဆောင်ရွက်လို့ ရရှိလာတဲ့ ငွေကြေးကို ပြည်သူလူထုဘ၀ မြှင့်တင်နိုင်ရေး အတွက် ခုအချိန်မှာ အမှားခံလို့ မရပါဘူး။ ဒီဆောင်ရွက်မှုဟာ မှားယွင်းသွားနိုင်စရာတွေ ရှိပါတယ်။ Micro Finance စနစ်နဲ့ ချေးတယ်ဆိုတာ အောင်မြင်နေတဲ့ အခြေအနေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သမ၀ါယမ ၀န်ကြီးဌာနကနေ လုပ်ဆောင်မယ့် စနစ်ကတော့ လက်တွေ့ဘ၀မှာ ပြည်သူလူထုတွေနဲ့ ကင်းကွာနိုင်ပါတယ်။ ဒါကြောင့် သမ၀ါယမ ၀န်ကြီးဌာနအောက်မှာ စီမံကိန်းတစ်ရပ် ရရှိဖို့ သက်သက်လောက်နဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ စွန့်စားမှုမျိုး မလုပ်သင့်ပါဘူး'' ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထိုကဲ့သို့ ထောက်ပြဆွေးနွေးမှုအား သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ''ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သမ၀ါယမ ၀န်ကြီးဌာနပေါ်မှာ ယုံကြည်ချက် မရှိဘူးဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒါကြောင့် အနာဂတ်ကို ဆက်သွားတဲ့ အခါမှာ ကနေ့ဘာတွေ လုပ်နေသလဲ ဆိုလို့ရှိရင် ဆွေးနွေးပွဲ လုပ်တာတွေရှိတယ်။ အကုန်လုံး လေ့လာသုံးသပ်ပြီးမှ လုပ်တာရှိပါတယ်။ ကျွန်တော်ဆီမှာ ဆက်ပြီးတော့ လုပ်နေတာက အနာဂတ်ကို သွားတဲ့အခါမှာ နံပါတ်တစ် အတိတ်ကို လေ့လာတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ အားနည်းချက်တွေဟာ အနာဂတ်ရဲ့ အဖြေပဲဆိုပြီး လေ့လာပါတယ်။ နောက် တစ်ခါ လက်ရှိရှိနေတဲ့ အရှိတရား။ ကျွန်တော်ရဲ့ ၀န်ထမ်းတွေ၊ အသင်းသားတွေ၊ အမှုဆောင်တွေရဲ့ အရှိတရား။ ဒီအရှိတရားကို လေ့လာပြီး ဒီအရှိတရားကနေပြီးတော့ တကယ့် လမ်းမှန်ပေါ်ကနေ သွားနိုင်အောင် လျှောက်နိုင်အောင် ကျွန်တော်ကြပ်မတ် ဆောင်ရွက်နေ ပါတယ်။ နောက်တစ်ခုကလည်း တခြားနိုင်ငံတွေမှာ အောင်မြင်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သမ၀ါယမက မအောင်မြင်တာ။ အခြား နိုင်ငံတွေမှာ အံ့သြလောက်အောင် အောင်မြင်နေတယ်။ ဒီလိုအံ့သြလောက်အောင် အောင်မြင်နေ တာဟာ ကျွန်တော်အတွက် အဖြေပါပဲ။ အဲဒီနိုင်ငံမှာ ရှိကြတာလည်း လူတွေပါပဲ။ လောဘ၊ ဒေါသ ၊ မောဟ၊ အတ္တနဲ့ လူတွေပါပဲ။ သူတို့တောင် အောင်မြင်ပြီး ကျွန်တော်တို့ ဘာကြောင့် မအောင်မြင်တာ လဲ။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က Good Governance ကြောင့်လို့ ပြောပါတယ်။ ဒါကြောင့် ဒါတွေအားလုံးကို လေ့လာပြီးတဲ့ အခါမှာ ကနေ့သမ၀ါယမကို အောင်မြင်တဲ့ လမ်းကြောင်းေ ပါ် ရောက်အောင် ကျွန်တော် တို့ စီစဉ်ဆောင်ရွက်နေပါတယ်'' ဟု ပြန်လည် ရှင်းလင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment