Friday 23 August 2013

သမ္မတ၏ သ၀ဏ်လွှာပါ အကြောင်းအရာ အချို့နှင့် သတင်းထုတ်ပြန် ချက်များသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးနှင့် တရားစီရင်ရေး တို့အပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်စေသည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ လွှတ်တော်တွင် တင်ပြ

8.1.1
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းနှင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာပါ အချက် အချို့နှင့် နိုင်ငံပိုင် သတင်းစာများမှ သတင်းထုတ်ပြန် ချက်များသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးရာ အပိုင်းနှင့် တရားစီရင်ရေး အပိုင်းအပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်စေသည့် လုပ်ဆောင်ချက် များ ဖြစ်သည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီက သြဂုတ် ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ၂၀၁၃ ခုနှစ် သြဂုတ် ၅ ရက် ရက်စွဲပါ စာအမှတ် ၁၀၇(၁)/ ၈/၂၀၁၃ သမ္မတရုံးနှင့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက် ရက်စွဲပါ စာအမှတ်၊ ၁၀၇(၁)/၈/သမ္မတရုံးတို့ဖြင့် ပေးပို့သော နိုင် ငံတော်သမ္မတ၏ သ၀ဏ်လွှာများ၊ ၎င်းနှင့် ဆက်စပ်သည့် နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁၄/၂၀၁၃)နှင့် (၁၅/၂၀၁၃)တို့အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်တင်ပြချက် အစီရင်ခံစာကိ ဖတ်ကြားရှင်းလင်းရာ တွင် ထိုသို့ထည့်သွင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း နှစ်ခု အတည်ပြုရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် နိုင်ငံတော်သမ္မတတို့ အပြန်အလှန် သ၀ဏ်လွှာများ ပေးပို့ရာ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စပ်လျဉ်းသည့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင် ''ဥပဒေကြမ်းပါ ဖော်ပြ ချက် အချို့သည် ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့် ညီညွတ်ရန်လိုအပ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (ခ) တွင် ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ စိစစ်ခြင်းဟု ပြဋ္ဌာန်း၍ တာဝန်အပ်နှင်းထားမှုအရ အရေးယူ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်'' ဟု လည်းကောင်း၊ 'ထို့ပြင် ဥပဒေများ၏ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၉၈၊ ပုဒ်မခွဲ(က)၌ ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်သည် လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း လိုက်နာကျင့်သုံး ရမည်ဟု ပြဋ္ဌာန်းထားရှိသည်ကိုလည်း အလေးဂရုပြု သင့် သည်ဟု လည်းကောင်း ဖော်ပြချက်များသည် ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြု လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းစဉ်များတွင် စွက်ဖက်ရာရောက်သည့် ဖော်ပြထားချက် များ ဖြစ်ကြောင်း တွေ့ရှိရပါသည်ဟု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော်သည် မိမိ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လည်းကောင်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်ညီ ညွတ်စေရန် လည်းကောင်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အုပ်ချုပ်ရေး အပိုင်းကလည်း ပြဒေတစ် ရပ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီလိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ယခုကဲ့သို့ ဥပဒေပြုခြင်း ကိစ္စများနှင့် စပ်လျဉ်းသည့် ဥပဒေများ၌ အကျုံးမ၀င်သော သ၀ဏ်လွှာများ၊ သတင်းထုတ်ပြန် ချက်များသည် အုပ်ချုပ်ရေး အပိုင်းက ဥပဒေပြုရေးရာ အပိုင်းနှင့် တရားစီရင်ရေး အပိုင်းအပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်စေသည့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်း တွေ့ရှိရပါသည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က အစီရင်ခံစာ ဖတ်ကြားစဉ် ပြောကြားသည်။

ထို့အပြင် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်နာယက တို့အကြား လုပ်ငန်းဆိုင်ရာ ဆက်သွယ်သော သ၀ဏ်လွှာများကို လွှတ်တော် ကိုယ်စားလှယ်များပင် လေ့လာသိရှိခွင့် မရသေးမီ နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်း ဖော်ပြခြင်းသည် ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းများကို အများပြည်သူ အထင်အမြင် လွဲမှားစေသော လုပ်ဆောင် ချက် ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံးတို့အကြား ဆက်သွယ် ဆက်ဆံရေး၌ မပြေလည်မှုများ၊ အဆင်မပြေမှုများ ဖြစ်ပေါ်နေသကဲ့သို့ ထုတ်ဖော်ရာ ရောက်ကြောင်းလည်း အစီရင်ခံစာတွင် ထည့်သွင်း တင်ပြခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်ချက်သည် နိုင်ငံတော်သမ္မတ လိုက်နာရမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်တွင် အကျုံးမ၀င်သည့် အပြင်ဥပဒေ အရသော်လည်းကောင်း၊ ဥပဒေပြု လုပ်ငန်းဆိုင်ရာ ကျင့် ၀တ်နှင့်သော် လည်းကောင်း လျော်ကန်သင့်မြတ်မှု မရှိပါကြောင်း သုံးသပ်တင်ပြခဲ့သည်။ ပြည်ထောင်စု လွှတ်တော်သည် ဥပဒေပြုရေးများ ကို နိုင်ငံတော်၊ နိုင်ငံသားများ အကျိုးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ယူဆလျှင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း အဆုံးအဖြတ် ခံယူနိုင်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသော အခွင့်အရေး၊ လုပ်ပိုင်ခွင့်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့်အခါ အထင်အမြင် လွဲမှားခြင်း၊ မလိုလားအပ်သော ပြဿနာများများမှတစ်ဆင့် နိုင်ငံတော် နိုင်ငံသားများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ကြောင်း ထည့်သွင်း ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှစ်ခုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ နှစ်စောင်ကို လွှတ်တော်၌ မှတ်တမ်းတင်ရန် ဆောင်ရွက်နေစဉ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သ၀ဏ်လွှာများနှင့် သတင်း ထုတ်ပြန် ချက်များသည် အများပြည်သူက ပြည်ထောင်စုလွှတ်တော်အပေါ် အထင်အမြင်လွဲမှားမှုများ ရှိလာနိုင်သောကြောင့် မှတ်တမ်းတင်မှုကို ကန့်ကွက်ခဲ့ပြီး ပြန်လည်စိစစ်ရန် အတည်ပြုခဲ့ပြီးနောက် ဥပဒေကြမ်း ကော်မတီက ပြန်လည်စိစစ်ပြီး သြဂုတ် ၂၂ ရက် တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအစီရင်ခံစာကို နိုင်ငံပိုင် သတင်း မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးရန်လည်း ထည့်သွင်းတင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြု ခဲ့သည်။

Eleven Media Group

No comments:

Post a Comment