Friday 23 August 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ တစ်ဦးအား ပညာရေး ၀န်ကြီးဌာနက မယူမနေရ အငြိမ်းစားပေးခံရမှု အမိန့်ကို ပယ်ဖျက်၍ ရာထူးမှထုတ်ပယ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အကြို စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် နေပြည်တော် ရှိ ကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် ၂ ရက်အကြာတွင် ပထမ ထုတ်ပြန်ခဲ့သည့် အမိန့်အား ပယ်ဖျက်၍ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါသည်။၂၀၁၃ ခုနှစ် ဇွန် ၁၀ရက် မှ ၁၄ ရက် နေ့အထိ ခွင့်မဲ့ ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးထံ ခွင့်ပန်ကြားမှု မရှိဘဲ ရန်ကုန်သို့ ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော ရှစ်လေး လုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်ခြင်း) စသည့် အချက်များဖြင့် နေပြည်တော်ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်သြဂုတ် ၁၅ ရက်တွင် မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ထပ်မံ ထုတ်ပြန်သည်ဟု သိရသည်။

''အဲဒီပွဲမှာ စာနယ်ဇင်းတွေက ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ပညာရေး ကဏ္ဍမှာ တိုး တက်အောင် တစ်ဖွဲ့တည်းလုပ်ဆောင်နိုင်မှာလားလို့ မေးတဲ့မေးခွန်းကို ကျွန်မက ကျောင်းဆရာမ တစ်ယောက်အနေနဲ့ သူတို့ကို ပညာရေးမှာ အစိုးရ၊ ပြည်သူအားလုံး ပေါင်းပြီး လုပ်ဆောင်မှသာ တိုင်းပြည်ရဲ့ ပညာရေးက ကောင်းမှာပါလို့ ပြန်ဖြေခဲ့တဲ့အပေါ်မှာ အခုလို အတင်းအကျပ် အငြိမ်းစား ပေးခံရတာပါ၊ အငြိမ်းစား ပေးခဲ့ပြီး နောက် ၂ ရက်နေတော့ ပထမထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်'' ဟု ဆရာမ ဒေါ်စိုးစိုးခိုင်က ပြောကြားခဲ့သည်။

ပညာရေး ၀န်ကြီးဌာနမှ ဆရာမဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစားကို ပယ်ဖျက်၍ ဒုတိယအကြိမ် ရာထူးမှ ထုတ်ပယ် လိုက်ကြောင်းကို ပညာရေး ၀န်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ၈/၂၀၁၃ သဘောတူ ဆုံးဖြတ်ချက်အရ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၅ ရက်မှ မယူမနေရ အငြိမ်းစားပေးသည့် ပြန်တမ်းအမှတ် (၃၀၇) အား ပယ်ဖျက်၍ ပညာရေး ၀န်ကြီးဌာန ၀န်ကြီးရုံးက သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပြန်တမ်းကို ထပ်မံထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

''တကယ်ပဲ အံ့သြရပါတယ်။ သူတို့ပဲ ချက်ချင်းမယူမနေရ အငြိမ်းစားပေးပြီး အခု ကျပြန်တော့လည်း ရာထူးကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတယ်။ ပညာရေး ၀န်ကြီးဌာန အနေနဲ့ ဒီလိုပဲ ကျောင်းဆရာမ တစ်ယောက်ကို လုပ်ချင်တိုင်းလုပ်လို့ ရပါသလားလို့ မေးချင်ပါတယ်။ ဒီပြန်တမ်းကလည်း ၁၇ ရက်က စာထွက်တာ ကျွန်မဆီကို ၂၁ရက်နေ့ ညနေပိုင်းမှ ရောက်တယ်။ အောက်ခြေ ၀န်ထမ်းတွေကို ဒီလိုပဲ မှောက်ချေ လှန်ချေ လုပ်နေတာ နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတကိုလည်း သိစေချင်ပါတယ်'' ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

နေပြည်တော်ရှိ ပညာရေး ၀န်ကြီးဌာနသို့ ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက်ပြီး အကြိမ်ကြိမ် ဖုန်းဆက်၍ မေးမြန်း ခဲ့ရာ သက်ဆိုင်ရာ ၀န်ကြီးဌာနက အဆင့်ဆင့်လွှဲ၍ ဖြေကြားခြင်း မရှိခဲ့ဘဲ ၀က်ဘ်ဆိုက်များတွင် ၀င်ရောက် ကြည့်ရှုရန် ပြောကြားခဲ့သည်။ အငြိမ်းစား ပေးခံရသော ကျောင်း ဆရာမ ဒေါ်စိုးစိုးခိုင်သည် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်း သည့် နောက်ပိုင်း တောခိုခဲ့သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတော်သို့ တရားဝင် အလင်းဝင်ရောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်ကာ ကျောင်းဆရာမအဖြစ် လုပ်သက် ၁၈ နှစ်ရှိသူ ဖြစ်သည်။ အငြိမ်းစား မယူမီအထိ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်ကျောင်းတွင် အလယ်တန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

Eleven Media Group

No comments:

Post a Comment