ကျွန်ုပ်တို့ကမ္ဘာကြီးအား အရှည်သဖြင့်တည်တံ့စေပြီး ဖွံ့ဖြိုးသာယာလှ ပစေဖို့အတွက် အဓိကလိုအပ်ချက်သည် အိုင်တီနည်းပညာများ မြင့်မား လာရေးထက် ငြိမ်းချမ်းရေးသည်ပဓာနကျပါသည်။ ငြိမ်းချမ်းမှု ရှိမှသာ လျှင်လူသားတို့ ဘ၀မြင့်မားတိုးတက် နိုင်မည် ဖြစ်သည်။ ထို့ အတွက်ကြောင့်ပင် ကမ္ဘာမြေတွင် မှီတင်း နေထိုင် ကြကုန်သောလူသားတို့အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် ၀ိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရန် လိုအပ်ပေသည်။ ဤသည်ကိုလည်း ကျွန်ုပ်တို့လူသားတိုင်း သည် နားလည်သဘောပေါက်ရန် အထူးလိုအပ် ပေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ကမ္ဘာကြီး ငြိမ်းချမ်းမှု အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး ကောင်စီ၏ချမှတ်ထားသော စည်းမျဉ်းဥပဒေ နှင့် မူဝါဒများကို နိုင်ငံ တကာမှလည်း လိုက်နာကာ ဖော်ဆောင်လျက်ရှိကြသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့တွင် ဒေသတွင်းမတူညီသော သဘောထားအမြင်များ ရှိကြသည်။ ထိုသို့ မတူညီသောသဘောထား အမြင်များအား နိုင်ငံရေးနည်းဖြင့် အေးချမ်းစွာဖြေရှင်း ဆောင်ရွက်ကြ သကဲ့သို့ နိုင်ငံရေးနည်းဖြင့် အေးချမ်းစွာ ဖြေရှင်း၍မရသည့်အဆုံးတွင် စစ်ရေးအရ ဖြေရှင်းလျက် ငြိမ်းချမ်းရေးကို ဖော်ဆောင်လျက်ရှိသည်ကိုလည်း ကျွန်ုပ်တို့ တွေ့မြင် နေရသည်။ မတူညီသော သဘော ထားများရှိကြသော်လည်း လူတိုင်းသည် မိမိ နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြသည့် ရည်ရွယ်ချက်သည် တူညီ နေကြသည်။ ထိုသို့ကြောင့်ပင် ယနေ့ကမ္ဘာ့ နိုင်ငံအသီးသီး တို့တွင် ဒေသတွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် မတူညီသော သဘောထားများအား ဖယ်ရှားကာ တူညီသော ရည်ရွယ်ချက်ကို ရှေ့တန်းတင်ကာ နိုင်ငံရေးနည်းဖြင့် အေးချမ်းစွာ ဖြေရှင်း နေကြသည် ကို တွေ့မြင်ရသည်မှာ ၀မ်းသာပီတ ဖြစ်စရာပင် ဖြစ်သည်။ သို့သော်လည်း အချို့သောအဖွဲ့အစည်း များသည် အတ္တကိုဦးစားပေး ရှေ့တန်းတင်ကြသောကြောင့် မည်သို့ပင်ငြိမ်းချမ်းရေးကို ကမ်းလှမ်း ပြီး အေးချမ်းသောနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းစေကာမူ လက်မခံဘဲ ပြည်သူလူထု၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်တို့ နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသည် ကိုလည်း တွေ့မြင်ရသည်မှာ ၀မ်းနည်းဖွယ်ရာပင် ဖြစ်သည်။ ဤသို့သော ငြိမ်းချမ်းရေးအား ဆန့်ကျင်သည့် လုပ်ရပ်ကို " အကြမ်းဖက်မှု _ Terrorize " ဟုခေါ်ဆိုသည်။
ထိုသို့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆန့်ကျင်နေသောအကြမ်းဖက်မှုများကို ကမ္ဘာ့ နိုင်ငံအသီးသီးမှလည်း လက်မခံ သကဲ့သို့ အကြမ်းဖက်မှုများအား ကာကွယ်ရန်အတွက်လည်း နိုင်ငံအချင်းချင်းပူးပေါင်းကာ စစ်ရေး လေ့ ကျင့်ခြင်း နှင့် နှိမ်နင်းဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့မြင်ရမည်သာဖြစ်သည်။ ဥပမာ အာဖဂန် နစ္စတန်တွင်ရှိသော တာလီဘန်များ ၊ မာလီနိုင်ငံတွင်ရှိသည့် အယ်လ်ကိုင်ဒါများနှင့် ချိတ်ဆက်လျက် ရှိသည့် စစ်သွေးကြွများစသည့် အကြမ်းဖက်အဖွဲ့အစည်းများကို ကမ္ဘာ့ နိုင်ငံ အသီးသီးတို့မှ စုပေါင်း ကာ နှိမ်နင်းတိုက်ခိုက်နေသကဲ့သို့ ပြည်သူတစ်ရပ်လုံးမှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သိမြင်ကာ ဆန့်ကျင်လျက်ရှိသည်ကိုလည်း တွေ့မြင် နိုင်သည်။ တစ်ချိန်ကကမ္ဘာ့ငြိမ်းချမ်းရေးကို တုန် လှုပ် ခြောက်ခြား စေခဲ့သော အကြမ်းဖက် ခေါင်းဆောင်တစ်ဦးဖြစ်သော အိုစမာဘင်လာဒင်အား သုတ် သင် ချေမှုန်းရာတွင် နိုင်ငံ အချင်းချင်းပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့သည်။
ယခင်ကကမ္ဘာတစ်ဝန်းမှအများသိကြသည့် အကြမ်းဖက်များဖြစ်သော တာလီဘန် ၊ အယ်လ်ကိုင်ဒါ ၊ ဆိုမာလီပင်လယ်ဓားပြစသည် တို့ကိုသာသိရှိကြသော်လည်း ယခုအခါတွင် မြန် မာ နိုင်ငံတွင် ကေအိုင်အေ ဟူသော လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာကြောင်း သိနေ ကြပြီ ဖြစ်သည်။ KIA ဟူသော အဖွဲ့အစည်းကိုလည်း စစ်သွေးကြွအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးမှ အသိအမှတ်ပြုခဲ့ကြပြီး ဖြစ်သည်။ ယနေ့ KIA ဟူသော အကြမ်းဖက် အဖွဲ့အစည်း ၏ လုပ်ရပ်များကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာသည် ညိုးနွမ်းလျက်ရှိနေပေသည်။ သို့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် KIA ဟူသော လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းသည်လည်း မြန်မာ့တိုင်းရင်းသား ညီအစ်ကို မောင်နှမများမှ လူမျိုးစု ဖြစ်သည့် အားလျော် စွာ သွေးချင်းစိတ်ထားဖြင့် ယနေ့တိုင် ငြိမ်းချမ်းရေးအတွက် ကမ်းလက်ကိုလှမ်းကာ ကြိုနေမြဲ ဖြစ်သည်။
ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည်လည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အလျှောက်ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင်လည်း အားသွန်ခွန်စိုက် ကြိုးပမ်း ပါဝင် ဆောင်ရွက် လျက်ရှိသည်။ ထို့ကြောင့်ပင် နိုင်ငံတော်အား ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် အဓိက ဖြစ်သောဒေသတွင်း ငြိမ်းချမ်းရေး အား ဖော်ဆောင်လျက်ရှိသည်။ ထိုသို့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံတော်၏ စစ်မှန်သော စေ တနာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့မှာ နိုင်ငံတော် အစိုးရနှင့် အတူ လက်တွဲကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်အတူတကွဆောင်ရွက် နေကြ သည်ကို တွေ့မြင် ရသဖြင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးမှ ၀မ်းသာပီတိ ဖြစ်နေကြသည်။ သို့သော်လည်း KIA အဖွဲ့ တစ်ခုတည်းသာ ယနေ့တိုင်အောင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နည်းတူ နိုင် ငံတော်အစိုးရ နှင့် ငြိမ်းချမ်းရေးမတည်ဆောက်ဘဲ တိုင်းရင်းသား ပြည်သူတို့၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်တို့အား ဖျက်ဆီးကာ နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအား နှောင့်ယှက် နေသည် ကို တွေ့မြင် နေရ သည်မှာ ပြည်သူ တစ်ရပ်လုံးမှ ၀မ်းနည်း ဖွယ်ရာအဖြစ် ခံစားလျက်ရှိပေသည်။
နိုင်ငံတော်အစိုးရမှ ယနေ့တိုင် အောင်လည်း KIA အား ငြိမ်းချမ်းရေး ကမ်းလှမ်းလျက်ရှိသကဲ့သို့ KIA မှလည်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းသောလက်အား ပုတ်ချလျက်ရှိသည်။ ထို့အပြင် ယခင်က KIA သည် ၄င်းတို့ လက်နက်ကိုင်အင်အား တောင့်တင်းရေးအတွက် အရွယ်မရောက် သူ ယောက်ျား ၊ မိန်းကလေးများအား " ပြည်နယ် ကောင်းစားရေး "ဟု ဟစ်ကြွေးကာ အဓမ္မလူသစ် စုဆောင်းခြင်းသာ လုပ်ဆောင် နေရာမှ ယခုအခါတွင် နိုင်ငံတော်မှကချင် ပြည်နယ်အတွင်းရှိတိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ လူမှုဘ၀ မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ထားသော လမ်းများ ၊ တံတားများ ၊ ဆက်သွယ်ရေးရုံးများ ၊ လျှပ်စစ်တာဝါတိုင်များ ၊ မီးရထား နှင့် မီးရထား လမ်းများ အားဖျက်ဆီးလျက်ရှိသည်ကိုလည်း တွေ့မြင်ကြားသိ နေရသည်။ ထိုမှတစ်ဆင့်တက်ကာ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း နှင့် တိုက်ပွဲတွင် ရှေ့မှထားကာခံကတုတ် သဖွယ် အသုံးပြုလျက်ရှိနေသည်။ KIA တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ယခုအခါ ကချင်ပြည် နယ် ဒေသအချို့တွင် ဒေသခံတိုင်းရင်းသားများမှာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း နှင့်အစာရိက္ခာ ပြတ်လပ်မှု တို့ဖြင့် အတိဒုက္ခ ရောက်လျက်ကရှိသည်။ ထို့အပြင် အပြစ်မဲ့ခရီးသွား ပြည်သူတို့အား နေ့စဉ် သတ်ဖြတ် လျက်ရှိနေသည်ကိုလည်း တွေ့မြင် နေရသည်။ မကြာသေးမီ ဇန်န၀ါရီ ၁၀ ရက်နေ့ နှင့် ၁၄ ရက်နေ့ တို့တွင် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူတို့၏ မိုင်းထောင်ခြင်း ၊လက်နက်ငယ် ဖြင့် ပစ် ခတ်ခြင်းတို့ကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ကချင်ပြည်နယ် ဒေသအချို့တွင် ဤကဲ့သို့ အစာရိက္ခာ ပြတ်လပ် ခြင်းသည်တိုင်းရင်းသား ပြည်သူ များသာ မက KIA အကြမ်းဖက် အဖွဲ့တွင်လည်း ခံစားရလျက် ရှိကြောင်း နှင့် KIA အဖွဲ့ အတွင်း နိုင်ငံတော် အစိုး ရ နှင့် ငြိမ်းချမ်းရေးအတွက် ပြုလုပ်သင့် - မသင့်သဘောထားကွဲလွဲမှုများလည်း ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် KIA အကြမ်းဖက်ကအဖွဲ့အတွင်း အောက်ခြေမှအဖွဲ့ငယ်များသည် နိုင်ငံတော်၏ စစ်မှန်သော စေတနာအား သိရှိနားလည်ကာ တဖွဲဖွဲလက်နက်ချ အလင်းဝင်လာကြသည်ကို လည်း တွေ့မြင် နိုင်ပေသည်။
တိုင်းရင်းသား ပြည်သူလူထု၏အသက် ၊ အိုးအိမ် ၊ စည်းစိမ် နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အစဉ် စောင့်ရှောက်ရန် တာဝန်ရှိသော ပြည်သူ့တပ်မတော်သည် မလွဲမရှောင် သာသည့်အခြေအနေတွင် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော KIA တို့အား ပြန်လည် ထိုးစစ်ဆင်ခဲ့သည်။ တပ်မတော်မှ အကြမ်းဖက် KIA တို့အား ပြန်လည်ထိုးစစ်ဆင်နွှဲ ရာတွင် အိမ်နီးချင်းတရုတ် နိုင်ငံနှင့် ပူးပေါင်းကာ ၄င်းတို့အား လေကြောင်းဖြင့်တိုက်ခိုက်ပါသည်ဟု အသံကျယ်ကျယ် ဖြင့် ဟစ်ကြွေး နေသည် ကိုလည်း ကြားသိနေရသည်။ ထို့အပြင် ဂျီနီဗာကွန်ဗင်းရှင်းအရ ပြည်တွင်း စစ်ပွဲတွင် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်းမပြုနိုင်ကြောင်းကိုလည်း အကြမ်းဖက်သမားတို့၏ ထုံးစံအတိုင်း ထပ်ခါ တလဲလဲ အော် ဟစ် နေသံကိုလည်း ကြားနေရသည်။ သူခိုးကလူကို ပြန်ဟစ်နေသည်ဟုပင် ဆိုရမည် ဖြစ်သည်။
ဂျီနီဗာကွန်ဗင်းရှင်းတွင် ပြည်တွင်းအကြမ်းဖက် နှိမ်နင်းမှုတွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းမပြုရဟု မပါရှိပါ။ ဤသည်ကို KIA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းမှသိပါလေစွ။ သိချင် လည်း သိပါမည် ၊ မသိချင်ယောင်ဆောင်ကာ သူတော်ကောင်း ဟန်ဆောင်၍ဟစ်ကြွေး နေခြင်း ပင် ဖြစ်ပေလိမ့်မည်။ ကမ္ဘာ့ နိုင်ငံ အတော်များများသို့ ပြန့်နှံ့ လျက်ရှိသော အကြမ်းဖက် စစ်သွေးကြွ များဖြစ်သော တာလီဘန်များ ၊ အယ်လ်ကိုင်ဒါများစသည့် အကြမ်းဖက်သူများအား နှိမ်နင်းရာတွင် နိုင်ငံ တကာ ပူးပေါင်းလျက် လေကြောင်းဖြင့် တိုက်ခိုက် ချေမှုန်းလျက်ရှိသည်။ မာလီ နိုင်ငံတွင်းရှိ အယ်လ်ကိုင်ဒါ စစ်သွေးကြွ အကြမ်းဖက်များအား မာလီအစိုးရ၏ အကူအညီ တောင်းဆိုမှုကြောင့် ပြင်သစ်တပ်ဖွဲ့ဝင် များသည် ကွန်နာမြို့တွင်းရှိ စစ်သွေးကြွာအကြမ်းဖက်သမားများအား ဇန်န၀ါရီ ၁၁ ရက်နေ့ တွင် လေကြောင်းမှ တိုက်ခိုက် ခဲ့သည်။ အကယ်၍ တပ်မတော်မှ KIA တို့အား လေကြောင်းမှ တိုက်ခိုက် ခဲ့သည်ဆိုသည့်တိုင် ဂျီနီဗာကွန်ဗင်းရှင်းအားချိုးဖောက်ခြင်း ဖြစ်သည်ဟုမဆိုနိုင်ပါ။ ယနေ့ ကမ္ဘာ့ နိုင်ငံများ နည်းတူ အကြမ်းဖက်သမားများအား နှိမ်နင်း ခြင်းသာ ဖြစ်သည်။ နိုင်ငံတိုင်းတွင် ဒေသတွင်း အေးချမ်းမှု ရရှိစေရေး အတွက် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဟူသည့် အထူး လေ့ကျင့် ပေးထားသော လက်နက်ကိုင် အဖွဲ့အစည်းများရှိသည်။ ထို အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့သည် လိုအပ်ပါက လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက်ရန်အတွက်လည်း အထူး လေ့ကျင့် ပေးထားကြသည်။ ဤသည်ကို KIA မှအပ နိုင်ငံတကာ မှလည်းလက်ခံသည်။ ထို့ကြောင့်ပင် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ တို့၏ သူတော်ကောင်း ဟန်ဆောင်ကာ ဟစ်ကြွေးနေသောအသံတို့အား မြန်မာ ပြည်သူတစ်ရပ်လုံး သာမက နိုင်ငံ တကာ မှလည်း နားပိတ်ကာ ကျောခိုင်းလျက် ရှိနေခြင်း ပင် ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရသော် KIA လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူတို့သည် နိုင်ငံတကာ နည်းတူ မိမိနိုင်ငံတွင်လည်း မတူညီသော သဘောထားများအား ဖယ်ရှားလျက် မိမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရမည် ဟူသောတူညီသော ရည်မှန်းချက်တို့အား ရှေ့တန်းတင်ကာတိုင်းရင်းသား သွေးချင်းများ ဖြစ်သည့် အားလျော်စွာ ငြိမ်းချမ်းရေးအား ဆွေးနွေးသင့်ပေသည်။ ထို့အပြင် ယနေ့ KIA ၏ လုပ်ရပ်များ ဖြစ်သော စစ်ဆင်ရေး နှင့် မသက်ဆိုင်သည့် လမ်းများ ၊ တံတားများ ၊ လျှပ်စစ် တာဝါတိုင်များ ၊ ပြည်သူလူထု စီးနင်း လိုက်ပါလာသော မီးရထားများ စသည်တို့အား ဖောက်ခွဲဖျက်ဆီးခြင်း နှင့် ပြည်သူလူထု၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်တို့အား ဖျက်ဆီးနေသော မိမိတို့၏ အကြမ်းဖက်လုပ်ရပ်များအား မြန်မာပြည်သူ တစ်ရပ် လုံးသာမက ကမ္ဘာ့ နိုင်ငံအသီးသီးမှပင် လက်ခံမည်မဟုတ်သည်ကို သိရှိ နားလည်ရန် လိုအပ်ပေ သည်။
သို့ဖြစ်၍ အင်အား ချိနဲ့ နေပြီဖြစ်သော KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ အားရပ်တန့်ကာ မိမိလူမျိုး ၊ မိမိတို့၏ ပြည်နယ်အားအခြား ပြည်နယ်များ နှင့် တိုင်းဒေသကြီးများနည်းတူ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မှုကိုရယူရန်အတွက် နိုင်ငံတော်မှ ကမ်းလှမ်းလျက်ရှိသော ငြိမ်းချမ်းရေးလက်အားလှမ်းဆက်ရန် သင့်ပြီ ဖြစ်ကြောင်း ရေးသားလိုက်ရပေ သည်။
Pyi Chit Tar Lay
No comments:
Post a Comment