အစိုးရက ထောက်ပံ့ပေးထားတဲ့ ငွေနဲ့ လည်ပတ်နေတဲ့ လွတ်လပ်တဲ့ အာရှ အသံ (RFA) မှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ် သက်ပြီး လွှတ်တော်အမတ် မစ္စတာဒါနာရိုဘက်ခါ က အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီနဲ့ ဘတ်ဂျက်ရေးရာကော်မတီကို ဇန်န၀ါရီလ ၁၆ ရက်နေ့စွဲနဲ့ စာရေးသား တင်ပြလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားသတင်းဌာနတခု အနေနဲ့ RFA ရဲ့လုပ်ရပ်တွေဟာ အဓိကအငြင်း ပွားစရာဖြစ် လာနေပြီလို့ အမေရိကန်အောက်လွှတ်တော် အမတ်သတိပေးလိုက်တာပါ။
RFA တိဘက်ဌာနမှုး Mr. Jigme Ngapoကို RFA အုပ်ချုပ်ရေးပိုင်းက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အလုပ်ထုတ်ပစ်လိုက်တာနဲ့ပတ်သက်လို့ RFA ဥက္ကဋ္ဌ လီဘီလူး က ရှင်းရှင်းလင်းလင်း မဖြေရှင်း တဲ့အပေါ် မှာ အမေရိကန်အောက်လွှတ်တော်အမတ် Dana Rohrabacher က RFA သတင်းဌာနကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော်တွင်း သတိပေး ထုတ်ပြန်လိုက်ပါတယ်။
အထူးသဖြင့် RFA လွတ်လပ်တဲ့အာရှအသံရဲ့အုပ်ချုပ်ရေးပိုင်းမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ပုံစံ မျိုး ဖြစ်လာတာကို မျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်းကိုလည်း အောက်လွှတ်တော်အမတ် Rohrabacher က ရေးသားထားပါတယ်။
တိဘက်ဌာနမှုးကို RFA အုပ်ချုပ်ရေးပိုင်းက အလုပ်ထုတ်လိုက်တာဟာပြည်ပရောက် တိဘက်အစိုးရရဲ့ ပယောဂမကင်းတဲ့အကြောင်းအောက်လွှတ်တော်အမတ်ရဲ့ အရင်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
လက်ရှိ ပြည်ပရောက်တိဘက် အစိုးရခေါင်းဆောင်ဟာ Dr. Lobsang Sangay ဖြစ်ပြီးတော့ သူဟာ တရုတ်အစိုးရ ပတ်သက်ရင် သဘောထားပျော့ပြောင်းသူအဖြစ် စွပ်စွဲခံထားရပါတယ်။
အောက်လွှတ်တော်အမတ် Mr.Rohrabacher ရဲ့ ကြေညာချက်မှာ တိဘက်ဌာနမှူးကို အကြောင်းပြချက် မရှိဘဲ RFA ဥက္ကဋ္ဌ လီဘီလူးကအလုပ်က ရုတ်တရက် ထုတ်ပစ်လိုက်တယ်လို့ ရေးသားထားပါတယ်။ ဒီကိစ္စဟာ နိုင်ငံခြားက လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကို ပြလိုက်တဲ့သတိပေးချက် ဖြစ်နေတယ် လို့ လည်း အောက်လွှတ်တော်အမတ်က ဖေါ်ပြထားပါတယ်။
ဒီလို မဆင်မခြင်အလုပ်ထုတ်လိုက်တဲ့ကိစ္စကို အသေးစိတ် ဖြေရှင်းဖို့ သူ့ရဲ့ပန်ကြားချက်အပေါ် RFA ဥက္ကဋ္ဌ လီဘီလူးက တုန့်ပြန်ဖြေရှင်းဖို့အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ်လို့ အောက်လွှတ်တော်အမတ် က ထောက်ပြ ထား ပါတယ်။
RFA သတင်းဌာနတခုအနေနဲ့ ဂုဏ်သိက္ခာဆည်တဲ့ အနေနဲ့ တိဘက်ဌာနမှုးကို အလုပ်ပြန် ခန့်ဖို့ လည်း အောက်လွှတ်တော်အမတ်က တိုက်တွန်းထားပါတယ်။
အမေရိကန် လွှတ်တော်ကထောက်ပံ့တဲ့ ငွေကြေးရံပုံငွေနဲ့ လည်ပတ်နေရတဲ့ RFA သတင်းဌာနအနေနဲ့ ၀န်ထမ်းတွေကို ငှားရမ်းရာမှာ ထိရောက် မှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုဆောင်ရွက်တာ မရှိသလို BBG နဲ့ သူ့လက်အောက်က အေဂျင်စီတွေရဲ့ ဖွဲ့စည်းပုံတွေက အခွန်ထမ်းပြည်သူတွေအပေါ် လုံလောက် တဲ့ တာဝန်ခံမှုတွေ မရှိဘူးလို့ လွှတ်တော်အမတ် ရိုဘက်ခါ ရဲ့ ကြေငြာ ချက်မှာ ဖော်ပြ ထားပါ တယ်။
တိဘက်သတင်းဌာနမှူးဟာ လွတ်လပ်တဲ့အာရှအသံမှာ ၁၆ နှစ်ဆက်တိုက် လုပ်ကိုင်လာသူဖြစ်ပြီး သူ့ဌာန က ၀န်ထမ်းတွေရဲ့ လေးစားချစ်ခင်မှု ရရှိသူဖြစ်ပါတယ်။ သူ့ကို အလုပ်ကနေ အကြောင်းပြချက် မပေးဘဲ ရုတ်တရက် အလုပ်ကထုတ်လိုက်ချိန်မှာ ဌာနရှိဝန်ထမ်းအများစုက စာရေးပြီးသူ့ကို ပြန်ခန့်ဖို့ မေတ္တာရပ်ခံ ခဲ့တာ ဖြစ်ပါတယ်။
တိဘက်ဌာနမှူးကို ထုတ်ပစ်လိုက်တဲ့ တချိန်ထဲမှာပဲ လွတ်လပ်တဲ့ အာရှအသံ ဟာ ဌာနပြန် လည်ပြင်ဆင် ဖွဲ့စည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာဌာနက အမြဲတန်း ၀န်ထမ်း ၅ ဦး၊ ကမ်ဘောဒီးယားဌာနက အမြဲတန်းဝန်ထမ်း ၂ ဦးနဲ့ လာအိုဌာနက ၂ ဦး ကို အလုပ်က ထုတ်ခဲ့ပါတယ်။
လွတ်လပ်တဲ့အာရှအသံသတင်းဌာနဟာ ဘာသာစကား ၉ ခုနဲ့သက်ဆိုင်ရာအစိုးရတွေကြောင့် သတင်း လွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေ တိကျမှန်ကန်တဲ့သတင်းတွေလွှင့်ပေးဖို့ ဖြစ်ကြောင်း လွတ်လပ်တဲ့ အာရှအသံရဲ့ တာဝန်နဲ့ ရည်ရွယ်ချက်မှာ ဖော်ပြထားပါတယ်။
Burma-Newselite
No comments:
Post a Comment