Saturday 12 January 2013

ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း


ကချင် ၊ ကရင် ၊ ကယား ၊ ချင်း ၊ ရခိုင် ၊ ရှမ်း နဲ့  မွန် သတင်းများ  ဇန်နဝါရီ ၁၂၊ ၂၀၁၃။

ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအ၀င် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြု ဆွေးနွေးလုပ်ဆောင်ကြရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးသိန်းဇော်က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုမှာ KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ စစ်ပွဲရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း၊ သို့ရာတွင် လက်ရှိ အခြေအနေများအရ နှစ်ဖက်စစ်ရေးတင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့များနှင့် KIA တို့အကြား တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေသည့်အတွက် ဗီဒီယိုကွန်ဖရင့်၊ အီးမေးလ် အပါအ၀င် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြုဆွေးနွေးကြရန် တိုက်တွန်းလိုသည်ဟု ဦးသိန်းဇော်က ပြောကြောင်း သတင်းရရှိသည်။



KIO အပေါ် ထိုးစစ်မရပ်ပါက UNFC နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမည် 

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို အစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု မရပ်ဆိုင်းပါက
ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီနှင့်  နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းထားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောသည်။ပထမအကြိမ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး
ကော်မတီ ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံချိန် ဦးအောင်မင်းနှင့် တွေ့ဆုံမှုတွင် နိုင်ငံရေး ဆွေးနွေးရန် သဘောတူထားသည်။ ထို့ကြောင့် KIO အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်တန့်ပေးရေးကိုအဓိက ပြောဆိုသွားမည်ဖြစ်ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။

“ခုလို ထိုးစစ်ဆင်တဲ့အနေအထားမျိုးမှာ ကျနော်တို့ မဆွေးနွေးသေးဘူး။ သဘောကတော့ ကျနော်တို့ မကျေနပ်ဘူးဆိုတာ သူတို့ကို သိနေချင်တယ်”ဟု သူက ပြောသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရန် သဘောတူညီခဲ့သော်လည်း အစိုးရဘက်မှ KIO ဘက်ကို စစ်ရေးအရ ထိုးစစ်ဆင်လာခဲ့ခြင်းသည် အပြောနှင့်အလုပ် မညီဟု သူက သုံးသပ်သည်။ထို့ကြောင့် UNFC နှင့် အစိုးရတို့လွတ်လပ်သည့် နိုင်ငံရေးဆွေးနွေးမှုကို နိုင်ငံတကာ၏ စောင့်ကြည့်မှုအောက်တွင်ဆွေးနွေးလိုပြီး အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံ စသည့်နိုင်ငံကြီးများ၏ ဖိအားပေးမှုများလည်း အရေးပါသည်ဟု နိုင်ဟံသာက ဆိုသည်။

“ကျနော်တို့က နိုင်ငံရေးဆွေးနွေးသွားမယ်လို့ သဘောတူညီမှု ရှိပြီးသား။ နောက်ပိုင်း စစ်ရေးအနေနဲ့ တိုးချဲ့ထိုးစစ်ဆင်လာတဲ့ အပေါ် သူတို့ အပြောနဲ့ အလုပ်နဲ့ မညီဘူး။ ဒါက မရိုးသားဘူး”ဟု သူ က ပြောသည်။ ဇန်နဝါရီလ ၇ ရက်နေ့က ၁၀ ရက်နေ့ထိ လေးရက်ကြာ UNFC နှစ်နှစ်ပြည့် နှစ်ပတ်လည် စည်းဝေးပွဲအပြီး တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် ၁၉၉၀ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီတိုးတက်ရေးပါတီ KNPP တို့အား စစ်ရေးအရ တိုက်ခိုက်မှုများ ရှိခဲ့ပြီး ယခု အစိုးရသစ်နှင့် အပစ် အခတ် ရပ်စဲရေး လုပ်ဆောင်မှုမှာလည်း KIO ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အစိုးရဘက်မှ နည်းဗျူဟာအရ လုပ်ဆောင်နေသည်ဟု ရှုမြင်ကြောင်း ဦးနိုင်ဟံသာက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ထို့ပြင် တနှစ်ကျော်ကြာ အစိုးရစစ်တပ်နှင့် KIO တို့ တိုက်ပွဲဖြစ်ပွားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရေငုံနုတ်ပိတ်နေခြင်းမှာ တိုင်းရင်းသားအရေးအား နားလည်သော်လည်း သူ၏ အဓိက ဦးစားပေး လုပ်ငန်းစဉ်အဖြင့် အရေးမထားခြင်း ဖြစ်သည်ဟု UNFC က ရှုမြင်သည်။ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင် အဖြစ်လက်ခံကြောင်း။ သူ့အနေနဲ့ အပြောင်းအလဲများကို အစိုးရနှင့် သင့်တင့်အောင်ပေါင်းပြီး ဆွဲဆောင် စည်းရုံးမှုနှင့် တဖြေးဖြေးချင်း လုပ်ဆောင် သွားမည့် လိုင်းဖော်ဆောင်နေသည်ဟု သူမြင်ကြောင်း နိုင်ဟံသာက ပြောခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒီ အပေါ်မှာ တပ်မတော်နဲ့ရော အစိုးရနဲ့ရော ပြဿနာ မဖြစ်ချင်လို့ မပြောတာလဲဖြစ်နိုင်သလို၊ တဖက်က သူက ကျနော်တို့ တိုင်းရင်းသားတွေဘက်က ပုဂ္ဂိုလ်တယောက် မဟုတ်တော့ ကျနော်တို့ရဲ့ နစ်နာမှု၊ ခံစားမှုကို သိပ်မခံစားမိဘဲနဲ့ ဒီဟာကို လျစ်လျု ရူထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ဒါက ကျနော်တို့ရဲ့ သုံးသပ်ချက်ပါ”ဟု နိုင်ဟံသာက ပြောသည်။

UNFC ၏ ၄ ရက်ကြာ အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေးနှင့် တိုးချဲ့မြင့်တင်ရေး၊ ပြည်တွင်းမှ နိုင်ငံရေး အင်အားစုနှင့် အခြား အဖွဲ့အစည်းများနှင့်လည်း ပိုမိုနားလည်မှု ယူရေး စသည့် လုပ်ငန်းများ တိုးမြင့်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက UNFC ကို ဖွဲ့စည်းခြင်းဖြင့် တိုင်းရင်းသားများ စုစည်းညီညွတ်မှုများ အထိုက် အလျှောက်ရရှိခြင်း၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်အားစုများက တိုင်းရင်းသားများ၏ လိုလားချက်များ၊ပြဿနာများကို ပိုမိုသိရှိနားလည်လာခြင်းမှာ အောင်မြင်မှု ရရှိခြင်းဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။
နိုင်ငံတကာမှ UNFC အပေါ် အသိအမှတ် ပြုလာခြင်း၊ ဆက်သွယ် ညှိနှိုင်းမှုများ ရှိလာခြင်း၊ စစ်ပြေး ဒုက္ခသည်များအား ကူညီပေးခြင်း၊ ဆက်ဆံရေးရုံးများအား ကူညီပေးခြင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် အလုပ်ရုံ ဆွေးနွေး ပွဲများ ပြုလုပ်၍ အသိပညာများ ပေးခြင်း၊ တိုင်းရင်းသားညီလာခံ ကျင်းပစဉ် အကူအညီများ ပေးခြင်းများ ရှိလာခြင်းမှာနိုင်ငံတကာ၏ အားပေးကူညီမှုများဖြစ်သည်ဟု သူက ဆက်ပြေသည်။ထို့ပြင် နှစ်နှစ်သာ ကာလပတ်လုံး အဖွဲ့အနေဖြင့် လုပ်ဆောင်ခဲ့သော လုပ်ငန်းများအား ပြန်လည် သုံးသပ်ခဲ့သလို၊ အထူးသဖြင့် KIO အား အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် သုံးသပ်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

အကယ်၍ KIO အပေါ် ထိုးစစ်ဆင်မှု မရပ်ဆိုင်းပါက အခြား အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီထားသော UNFC အဖွဲ့ဝင်များအနေဖြင့် KIO ကို ကူညီရန် တာဝန် အပြည့်ရှိသည်ဟု UNFC နှစ်နှစ်ပြည့်နှစ်ပတ်လည် စည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နိုင်ဟံသာက  ထည့်သွင်းပြောဆိုခဲ့သည်။




အမေရိကန် သံအမတ် မွန်နှင့် ကရင် နယ်မြေသို့ သွား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ကြောင်း အမေရိကန် သံရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ဇန်န၀ါရီ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ခရီးစဉ်တွင် အဆိုပါဒေသများရှိ အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဒေသခံများကြုံတွေ့နေသော ကိစ္စရပ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ဇန်န၀ါရီ ၁၂ ရက်နေ့ ည ၇ နာရီ၌ မော်လမြိုင်မြို့ပေါ်ရှိ ကမ်းနားဟိုတယ်တွင် ပြုလုပ်မည့် ညစာစားပွဲတွင် အမေရိကန်သံအမတ်နှင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက ပြောသည်။
“ကျနော်တို့ရဲ့ နိုင်ငံရေးမူကတော့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ မူအတိုင်းပါပဲ။ အခုလောလောဆယ် ကျနော်တို့တဖွဲ့တည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုမျိုးကို မလုပ်ဘူး။ အဓိက အားလုံးပါဝင်လာနိုင်တဲ့အခါကြမှ ဆွေးနွေးမယ်”ဟု ၄င်းက ဆိုသည်။
အစိုးရက တနိုင်ငံလုံး ငြိမ်းချမ်းရေးရလိုပါက ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း အမေရိကန် သံအမတ်နှင့် တွေ့ဆုံစဉ် ပြောကြားသွားမည်ဖြစ်ကြောင်းလည်း နိုင်တလညီ က ဆက်ပြောသည်။အမေရိကန် သံအမတ်အနေဖြင့် မိမိတို့နှင့် ညစာစားရုံတင် လာရောက်ခြင်း မဖြစ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေသော  လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ဆွေးနွေးခွင့်ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မွန်ဒီမိုကရေစီပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း က ပြောဆိုသည်။
“လက်ရှိ အစိုးရနဲ့ အရင်အစိုးရက ဘာမှ သိပ်မကွာပါဘူး၊ အ၀တ်အစားတွေ ပြောင်းသွားတာလောက်ပဲ ရှိသေးတယ်”ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းမှုမျိုး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိဘဲနှင့် နိုင်ငံရေး ဆွေးနွေးမှုမျိုး မဖြစ်နိုင်ကြောင်း၊ လက်ရှိကာလတွင် အစိုးရ လုပ်ဆောင်နေမှုများသည် ရိုးသားမှုမရှိသေးဟု ထင်မြင်မိကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း က ပြောဆိုသည်။
“ကချင်ပြည်သူတွေကို ကျနော် သနားမိတယ်။ သူတို့က ပညာရေးမှာလည်း ကောင်းကောင်း သင်ကြားခွင့် ရတာမဟုတ်ဘူး။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေနေရတယ်။ အစိုးရကလည်း အရင်ထဲက အဲဒီလူတွေအတွက် ဘာမှလုပ်ပေးခဲ့တာမဟုတ်ဘူး။ အဲလူတွေကို သွားတိုက်ခိုက်နေတာ ဘာထူးမှာလဲ”ဟုလည်း ၄င်းက ဆိုသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး အစစ်အမှန်လိုချင်လျှင် ယခု ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင် ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်နေသလို တစ်ဖက်တွင်လည်း တိုက်ခိုက်နေမှုများပြုလုပ်နေခြင်းက မလုပ်သင့်သော လုပ်ရပ်တခုဖြစ်ကြောင်း နိုင်ငွေသိမ်းက ဆက်ပြောသည်။အမေရိကန် သံအမတ်အနေဖြင့် မွန်ပြည်နယ်တွင် တရက် နေမည်ဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့၌ ကရင်လူမျိုးခေါင်း ဆောင်များနှင့် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဆက်လက်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။




ရခိုင် သတင်းများ  ဇန်နဝါရီ ၁၂၊ ၂၀၁၃။



ရိုဟင်ဂျာ ၆၀၀ ကျော် ထိုင်းအာဏာပိုင် ဖမ်းဆီး 

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူမှောင်ခို ကူးသူတွေရဲ့ လက်ထဲကနေ ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့လိုက်မှာကို စိုးရိမ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ က ပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေနဲ့ ဒီလူတွေနဲ့ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်ခွင့်မရသေးတဲ့ အချိန်အထိ သူတို့ကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ 

လူကုန်ကူးမှုတွေကို နှိမ်နှင်းတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ စီးနင်းဝင်ရောက်မှုတွေ အတွင်း ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၇၀၀ နီးပါးကို လူမှောင်ခိုကူးသူတွေ လက်ထဲကနေ ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပထမတကြိမ် ၀င်ရောက်စီးနင်းမှုမှာ ရိုဟင်ဂျာ ၃၀၀ ကျော်နဲ့ ကြာသပတေးနေ့က နောက် တကြိမ်စီးနင်းမှုအတွင်း နောက်ထပ် လူ ၄၀၀ နီးပါးကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့အထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်နေတာပါ။ ဒီ ရိုဟင်ဂျာတွေနဲ့ တွေ့ခွင့်ရဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံ UNHCR ရုံး ပြောခွင့်ရသူ Vivian Tan က ပြောပါတယ်။

“အခု ဖမ်းထားတဲ့သူတွေ ဘယ်နေရာမှာလဲ၊ သူတို့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ ဒီလို အချက်အလက်တွေ ပိုသိရဖို့ သူတို့နဲ့ တွေ့ခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို ကျမတို့ ချဉ်းကပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနက ပြောတာကတော့ ဒီကိစ္စဖြစ်လာဖို့ အစိုးရ အေဂျင်စီတွေကြားထဲမှာ သူတို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ခုထိတော့ ကျမတို့ တွေ့ခွင့်မရသေးပါဘူး။”

အခု ထိုင်းအစိုးရလက်ထဲမှာ ထိန်းသိမ်းထားသူတွေနဲ့ တွေ့ခွင့်ရမှသာ သူတို့ကို ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာကို နောက်တဆင့် ထိုင်းအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း Vivian Tan က ပြောပါတယ်။

“UNHCR အနေနဲ့ ဒီလူတွေနဲ့ တွေ့ခွင့်ရပြီးတော့ သူတို့တွေ ဒီမှာ ခိုလုံခွင့် လိုချင်သလား၊ သူတို့ဟာ တကယ်ပဲ မြန်မာနိုင်ငံကလား၊ နိုင်ငံတကာက အကာအကွယ်ပေးဖို့ လိုအပ်တဲ့သူတွေလား ဆိုတာတွေကို ကျမတို့ သိခွင့်ရဖို့လိုပါတယ်။ ဒါတွေ သိပြီးတော့မှ သူတို့ကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြု ကူညီဖို့ နောက်တဆင့် စစ်ဆေးမေးမြန်းတာပဲ ဖြစ်ဖြစ်၊ တခြား ဘယ်လိုနည်းလမ်းတွေနဲ့ သူတို့ကို ကူညီနိုင်မလဲ ဆိုတာတွေကို အာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် လူမှောင်ခိုကူးခံရသူတွေရဲ့ ခေါင်းပုံဖြတ်ခံရမယ့် အခြေအနေနဲ့ သူတို့ရဲ့ လုံခြုံရေး အတွက် စိုးရိမ်ရတာကြောင့် သူတို့ကို မြန်မာနယ်စပ်ကို ပြန်မပို့ဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေကလည်း တောင်းဆိုနေကြပါတယ်။

“ကျနော်တို့ရဲ့ စိုးရိမ်မှုကတော့ ထိုင်းအစိုးရအနေနဲ့ ဒီလူတွေကို ဖမ်းမိပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်ကို ပြန်ပို့မယ်ဆိုရင် သူတို့ကို တရားမ၀င် ခိုးယူ ခေါ်ဆောင်လာတဲ့သူတွေ လက်ထဲ ပြန်ထည့်လိုက်သလို ဖြစ်မှာကိုပါ။ ဒါဆိုရင်တော့ အခြေအနေကို ပိုပြီး ဆိုးအောင် လုပ်သလိုပဲ ဖြစ်ပါလိမ့်မယ်။ မနေ့က ဖမ်းမိခဲ့တဲ့လူတွေထဲမှာဆိုရင် ကျနော်တို့ သိထားတာတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများအပြား ပါနေပါတယ်။ သူတို့သာ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲ ပြန်ရောက်သွားမယ် ဆိုရင်တော့ ပိုပြီး ခေါင်းပုံဖြတ် နှိပ်စက်ခံရဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဒီလူတွေကို UNHCR က တွေ့ပြီး သူတို့ရဲ့ အခြေအနေတွေကို စစ်ဆေး လေ့လာတာတွေ လုပ်ပြီးတော့မှ ထိုင်းအစိုးရအနေနဲ့ သူတို့ကို ပြန်ပို့သင့် မသင့် ဆုံးဖြတ်ဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ရဲ့ ထိုင်းအခြေစိုက်ရုံးက Surin Phasuk ပြောသွားတာပါ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသမှာ နိုင်ငံမဲ့ ရိုဟင်ဂျာ ၈ သိန်းလောက်ရှိပြီး သူတို့ကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမ၀င် ၀င်ရောက်လာတဲ့သူတွေ အဖြစ် သတ်မှတ်ထားသလို ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။

ဒါကြောင့်လည်း ဘင်္ဂလား-မြန်မာနယ်စပ်ကနေ ရိုဟင်ဂျာတွေ တတိယနိုင်ငံတွေမှာ ခိုလုံနေထိုင်ခွင့် ရဖို့အတွက် ခုလို လူမှောင်ခို ကူးသူတွေကနေတဆင့် ထွက်ပြေးဖို့ ကြိုးစားကြတာတွေ၊ ပင်လယ်ဖြတ်ပြီး လှေစီးထွက်ပြေးကြတဲ့ ဖြစ်ရပ်တွေဟာလည်း မကြာခဏ ဆိုသလို ကြားနေရတာ ဖြစ်ပါတယ်။ 



NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအ၀င် ခေတ်မီ အီလက် ထရောနစ် နည်းပညာများအသုံးပြု ဆွေးနွေးလုပ်ဆောင်ကြ ရန် ပြည်
သူ့ လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးသိန်းဇော်က အရေးကြီးအဆိုတရပ် တင်သွင်း ခဲ့ပြီး ယင်းအဆိုမှာ KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ စစ်ပွဲရပ်စဲရေး အတွက်တွေ့ ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေများအရ နှစ်ဖက်စစ်ရေး တင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့များနှင့် KIA တို့အကြား တွေ့ ဆုံဆွေးနွေးရေးမှာ ခက်ခဲနေသည့်အတွက် ဗီဒီယိုကွန်ဖရင့်၊ အီးမေးလ် အပါအ၀င် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြုဆွေးနွေးကြရန် တိုက်တွန်းလိုသည်ဟု ဦးသိန်းဇော် က ပြောကြောင်း သတင်းရရှိသည်။

NLABR

No comments:

Post a Comment