Saturday 26 January 2013

ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက်အတွက် အများပိုင်ဘဏ်များ လုပ်ကိုင်လာ


ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန်စတော့အိပ်ချိန်း ဈေးကွက် (Stock exchange market)အတွက် အများပိုင်ဘဏ်များ ဖွဲ့စည်းလုပ်ကိုင်လာကြောင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း ရှင်များက ဆိုသည်။


“အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်အနေနဲ့ အများပိုင်ဘဏ်လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီများမှတ်ပုံတင်ဌာနမှာတင်ထားပြီးပါပြီ။ ကုမ္ပဏီဖွဲ့ခွင့်ရပြီဆိုရင် ပြည်ပက ပညာရှင်တွေကို ခေါ်ပြီး ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု၊ လုပ်ငန်းအနေအထားတွေကိုသုံးသပ်ပြီး ရှယ်ယာတန်ဖိုး သတ်မှတ်ပြီး ထုတ်ရောင်းပေးမှာပါ” ဟု ၎င်းဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြော သည်။

ထို့ပြင် “နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရတာတွေ ရှိပါ တယ်။ ပြည်ပကလာရင် အများစုက အများပိုင်ကုမ္ပဏီတွေ များတယ်။ အများပိုင်ဆိုတာကပုဂ္ဂလိကထက် ပိုခိုင်မာတယ်။ သူတို့ဆီကလာလိုက်ရင်လည်း ရင်းနှီးမြှုပ်နှံမူတွေက အကြီးကြီးတွေ များတယ်။ ဒါကြောင့် ၂၀၁၅ မှာ ရန်ကုန် စတော့အိပ်ချိန်း ဈေးကွက်အတွက် လိုအပ်တဲ့အခါ ရှယ်ယာရောင်းနိုင်အောင် အခု ကတည်းက ပြင်ဆင်ထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ အများပိုင်ဘဏ် ပြောင်းလဲသည့်အခါ ပထမအဆင့် အနေဖြင့် ဘဏ်ဝန်ထမ်းများကို ရှယ်ယာများ အခမဲ့ ပေးမည်ဖြစ်ပြီး ဒုတိယဆင့်အနေဖြင့် ရှယ်ယာများကို အများပြည်သူများသို့ ရောင်းချပေးသွား မည် ဖြစ်သည်။

“ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လုပ်ငန်းပိုင်ဆိုင်မှု တစိတ် တဒေသကို ဝန်ထမ်းတွေကို ပေးအပ်ဖို့နဲ့ အမြတ်အစွန်းရတဲ့ ဘဏ်လုပ်ငန်းက ရရှိမယ့် အမြတ်ကို အများပြည်သူတွေကို မျှဝေခံစားခွင့်ပြုဖို့နဲ့ နိုင်ငံတကာဘဏ်တွေကို ယှဉ်ပြိုင်တဲ့အခါ အကြီးဆုံး အများပိုင် ဘဏ်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာတဦးက ဆို သည်။

ယင်းဘဏ်ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီး ရုံးချုပ်ကိုပန်းပဲတန်းမြို့နယ်၊ ဆူးလေဘုရား လမ်းပေါ်တွင် ဖွင့်လှစ်ထားကာ ဘဏ်ခွဲပေါင်း ၂၅ ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အများပိုင်ဘဏ်များအနေဖြင့် ပထမပုဂ္ဂလိကဘဏ်၊ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ် ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်စသဖြင့် ဖွဲ့စည်း လုပ်ကိုင်ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment