Saturday 26 January 2013
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်း လဲရန်စီစဉ်နေပြီး ပွင့်လင်းမြင်သာမှုမရှိသည့် လိုင်စင်ချပေးမှုလုပ်ငန်းများကို အဆုံးသတ်စေမည်ဟု စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် ရေးဆွဲထားသည့် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုအခါ သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင် ပြောင်း လဲနိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ပွင့်လင်းမြင်သာမှုမရှိသည့် လိုင်စင်ချပေးမှု လုပ်ငန်းများကိုလည်း အဆုံး သတ်စေမည်ဖြစ်ကြောင်း အဆိုပါမူဘောင်တွင် ဖော်ပြပါရှိသည်။
၂၀၁၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို စီးပွားရေးပညာရှင်၊ စီးပွားရေး လုပ်ငန်း ရှင်နှင့် အငြိမ်းစားသံအမတ်ကြီး၊ NGO အဖွဲ့မှ ပုဂ္ဂိုလ်များ ထည့်သွင်းပြီး ပြန်လည်ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ တွဲဖက်အတွင်းရေးမှူး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးသောင်းလွင် တို့ ပါဝင်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များအဖြစ် သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးလှထွန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်၊ ဦးညွှန့်တင် (သံအမတ်ကြီး-အငြိမ်းစား)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်၊ ဒေါ်မြသူဇာ (ကျွမ်းကျင်သူ)နှင့် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်တို့ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဦးမောင်မောင်သိမ်း၊ ဦးတင်နိုင်သိန်းတို့လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားပြီးမြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုပါက ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန် အကောက်များ ကင်း လွတ်ခွင့် ၊ သက်သာခွင့်အစရှိသည့် အခွင့်အရေးများ ရရှိနိုင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် စီးပွားရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ထားသော အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ ကော်မရှင်၏ရုံးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက်အခြေခံမူဘောင်ကိုနိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်အရ ၀န်ကြီးဌာနနှင့် အစိုးရဌာန အသီးသီးမှ အဆင့်မြင့်အရာရှိကြီးများနှင့် တိုင်ပင်ရေး ဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းမူဘောင်မှာ နိုင်ငံတော်၏ ရေတိုနှင့်ရေရှည် မျှော်မှန်းချက်များကိုပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်မည့် အရေးကြီးသောမူဝါဒလမ်းညွှန်ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group
No comments:
Post a Comment