Wednesday 7 November 2012

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်း ၀န်းကျင် ကုန်ကျမည်ဖြစ်ရာ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ ဒေါ်လာ ငါးသန်းကူညီမည်



၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်း ၀န်းကျင် ကုန်ကျမည်ဖြစ်ရာ ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ UNFPA က အမေရိကန်ဒေါ်လာ ငါးသန်း ကူညီမည်ဖြစ်ကြောင်း ပြည်သူအင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ပြောကြားချက်အရ သိရပါသည်။

ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက “ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ခန့် မှန်း အမေရိကန်ဒေါ်လာ ၅၅ သန်း ကုန်ကျမယ်ဆိုတာ UNFPA က ပညာရှင်တွေ တွက်ချက်ပေးတာပါ။ အဲဒီပညာရှင်တွေက ကျွန်မတို့ဆီမှာ လူတစ်ဦးကို အကြမ်းဖျဉ်းအားဖြင့် တစ်ဒေါ်လာနှုန်း ကျသင့်နိုင်တယ် လို့ တွက်ချက်ထားတာပါ။ ကုန်ကျစရိတ်ကို အစိုးရက ကျခံသွားမှာဖြစ်သလို ပြည်တွင်း ပြည်ပ အကူ အညီတွေကိုလည်း ရယူသွားမှာပါ။ အခုဆိုရင် UNFPA က နိုင်ငံတကာရဲ့ အကူအညီရရှိရေးအတွက် စတင်ဆောင်ရွက်နေပါတယ်။ ပြီးတော့လည်း UNFPA က စက်ပစ္စည်းကိရိယာ အမေရိကန်ဒေါ်လာ ငါးသန်း ဖိုး ကူညီထောက်ပံ့ပေးသွားမယ်လို့ သဘောတူညီမှု ရရှိထားပါတယ်” ဟုပြောပြခဲ့ပါသည်။

ထို့ပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အထောက်အကူဖြစ်စေရန် ၂၀၁၃ ခုနှစ် တွင် မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အောက်တိုဘာလ ၂၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနရုံးတွင် ပြုလုပ်သော စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက် နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရန် ရွေးချယ်ထားသည့် မြို့နယ် ၂၀ ခု တို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “သန်းခေါင်စာရင်း ကိန်းဂဏန်းတွေ တိကျမှုရှိခြင်းဟာ နိုင်ငံတစ်နိုင်ငံ အတွက် အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ စီမံကိန်းတွေ ဆောင်ရွက်ရာမှာ တိကျတဲ့ သန်းခေါင် စာရင်းရှိမှသာ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မှာပါ။

အိမ်ထောင်စုစာရင်း ကောက်ခံတာမဟုတ်ပါဘူး သန်းခေါင်စာရင်း ကောက်ခံတာပါ။ ဒီအပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်ရဲ့ စီမံကိန်းတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာပါ။ အခုလို သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ ပြည်သူတွေပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ပါတယ်။ သန်းခေါင် စာရင်း ကောက်တယ်ဆိုတာ အခွန်ကောက်ဖို့တို့ ဘာတို့အတွက် မဟုတ်ပါဘူး။

အခုစမ်းသပ်ကောက်ခံမှုမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အတွေ့အကြုံတွေကို အသုံးချပြီး လာမယ့် ၂၀၁၄ မှာပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်တဲ့အခါ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ ဒီလိုသန်းခေါင်စာရင်းတွေ ကောက်ခံဖို့အတွက် နိုင်ငံခြားသား ပညာရှင်တွေ အပြင် နိုင်ငံသားပညာရှင်တွေရော အရင်က ကောက်ယူမှု ပြုလုပ်ခဲ့တဲ့ စာရွက်စာတမ်းတွေကိုပါ ကိုးကားပြီး လုပ်ဆောင်ထားတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။   
                               
မြန်မာနိုင်ငံ၌ ဟိုးယခင် မြန်မာဘုရင်များလက်ထက်က သန်းခေါင်စာရင်း ကောက်ခံမှု များ ပြုလုပ် ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှစ၍ ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ပြုလုပ်ခဲ့ဖူးကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက်ယူမှု မပြုလုပ်နိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးက   ပြောကြားခဲ့သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ရက် နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာ တစ်နိုင်ငံလုံးအနှံ့ တစ်ပြိုင်နက်တည်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ref:EMG

No comments:

Post a Comment