Monday 8 October 2012

မြန်မာအသင်း ခြေစစ်ပွဲ အောင်နိုင်သော်လည်း ဗိုလ်လုပွဲ အဆင့်သို့ မရောက်နိုင်ဟု သုံးသပ်

ရန်ကုန်၊ အောက်တိုဘာ ၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသော ဆူဇူကီး ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း အနေဖြင့် ခြေစစ်ပွဲ အောင် နိုင်သော်လည်း ကစားသမားကောင်း ရှားပါးမှုကြောင့် ဗိုလ်လုပွဲ အဆင့် သို့  ရောက်  မည် မဟုတ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား) က မြန်မာနှင့် အရှေ့တီမောအသင်းတို့ ပွဲစဉ် အပြီးတွင် သုံးသပ် ပြောဆိုသည်။

"ဘောလုံး ကစားတယ်ဆိုတာ ရှေ့လယ်နောက် မျှတနေမှ ရမှာ။အခု ဖြစ်နေတာကကစားသမားကောင်း မရှိတာ၊ ရှိ တဲ့ ကစားသမားက အသင်းနဲ့ အံမဝင်တာရယ်ကြောင့်ဗိုလ်လုပွဲ ရောက်ဖို့ ဆိုတာ မလွယ်ဘူး" ဟု ၎င်းက ဆိုသည်။
အရှေ့တီမောအသင်း ကို အနိုင်ရရှိခဲ့ခြင်းအား မြန်မာပရိသတ် တစ်ဦးအနေဖြင့် ဝမ်းသာမိသော်လည်း အမှန် တကယ်ပျော်ရွှင်ရသည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း အားကစား ကလောင်ရှင် ဦးချစ်ဝင်းမောင်က ပြောကြားသည်။

"မြန်မာပြည်မှာ တကယ်တော့ ဘောလုံး မျိုးဆက် ပြတ်နေပါပြီ။ လူငယ် ကစားသမားတွေ မွေးထုတ်ဖို့ လုပ် ရပါဦးမယ်။ ဒါမှ မြန်မာ ဘောလုံးလောက တိုးတက် လာမှာပါ။ နှစ်ပွဲလုံး အနိုင်ရတယ် ဆိုပေမယ့် ကျွန်တော့ အသင်းကို ကျေနပ်မှု မရှိပါဘူး"ဟု မြန်မာအသင်းတွင် ကစားသမားကောင်း မရှိခြင်းနှင့် ပတ် သက် ၍ မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက မြန်မာအသင်းနှင့် တီမော အသင်း ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

အောက်တိုဘာလ ၇ရက်နေ့က ကစားခဲ့သော မြန်မာနှင့် တီမောတို့၏ ပွဲတွင် မြန်မာအသင်းက အနိုင်ရရှိခဲ့မှု အပေါ် တီမောအသင်း နည်းပြချုပ်က "ဒီနေ့ပွဲမှာ ကျွန်တော်တို့ တီမော အသင်းက အပိုင် ဂိုးသွင်း ခွင့် နှစ်ကြိမ် ရတာကို တစ်ကြိမ်ပဲ အသုံးချ နိုင်ခဲ့ပါတယ်။မြန်မာအသင်း ကတော့ရရှိခဲ့တဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချ နိုင်ခဲ့လို့ကံကောင်း သွားပါတယ်။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ အတွက်ဘာမှ မပြော ချင်ပါဘူး။"ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအသင်း အနေဖြင့် လူငယ် မျိုးဆက်သစ် ကစားသမားများ ကိုမွေးထုတ်ရန် လိုကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား) က ပြောဆိုသည်။
 
ref:thevoiceweekly

No comments:

Post a Comment