Monday 8 October 2012

ဗင်နီဇွဲလားသမ္မတအဖြစ် ဟူဂိုချားဗက်ဇ် ဆက်လက်ရွေးကောက်ခံရ


၎င်း၏ သမ္မတ သက်တမ်းတစ်လျှောက် အပြင်းထန်ဆုံး ရွေးကောက်ပွဲ စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဟူဂိုချားဗက်ဇ်သည် သမ္မတ ရာထူးတွင် ဆက်လက် တည်မြဲခွင့် ရခဲ့ပြီ ဖြစ်သည်။ ချားဗက်ဇ်သည် သမ္မတလောင်း ဟင်းနရစ် ကာပရီလက်စ်၏ အားကောင်းသော ယှဉ်ပြိုင်မှုကို ကျော်ဖြတ်ကာ နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည်။ ထို့ကြောင့် ချားဗက်ဇ်သည် နောက်ထပ် (၆)နှစ် သက်တမ်းအတွက် နိုင်ငံကို အုပ်ချုပ်ခွင့် ရရှိမည် ဖြစ်သည်။


အမျိုးသား ရွေးကောက်ပွဲ စီမံကျင်းပရေး ကောင်စီက တနင်္ဂနွေနေ့တွင် ချားဗက်ဇ်၏ အနိုင်ရလဒ်ကို အသိအမှတ်ပြု ကြေညာခဲ့သည်။ ကမ္ဘာပေါ်တွင် ရေနံထွက်နှုန်း အမြင့်ဆုံး နိုင်ငံတစ်ခုဖြစ်သော ဗင်နီဇွဲလား၏ ယခုနှစ် ရွေးကောက်ပွဲသည် အကြိတ်အနယ် ရှိခဲ့ပြီး ချားဗက်ဇ်က မဲအရေအတွက် (၅၄.၄)ရာခိုင်နှုန်းနှင့် ကာပရီလက်စ်က (၄၄.၉)ရာခိုင်နှုန်း အသီးသီး ရရှိခဲ့သည်။ ချားဗက်ဇ် အနေဖြင့် သမ္မတ ရွေးကောက်ပွဲ (၄)ခုဆက် အနိုင်ရခဲ့ရာတွင် ယခုတစ်ကြိမ်သည် အကျပ်တည်းဆုံးလည်း ဖြစ်သည်။



ချားဗက်ဇ်သည် (၁၉၉၈)ခုနှစ် ကတည်းက နိုင်ငံကို အုပ်ချုပ်လာခဲ့သူ ဖြစ်သည်။ အသက်(၄၀)အရွယ် မြို့တော်ဝန်ဟောင်း တစ်ဦးဖြစ်သော ကာပရီလက်စ်သည် မိမိအတွက် ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ကြောင်း ချာဗက်ဇ်က ချီးကျူးခဲ့သည်။ "အတိုက်အခံပေမယ့် သူ့ကို ကျွန်တော် ဂုဏ်ပြုလိုပါတယ်။ သူနဲ့ သူ့ကို အားပေးထောက်ခံသူတွေ ရှိနေခဲ့လို့သာ ကျွန်တော်ဟာ ပြည်သူ့ဆန္ဒ အမှန်အနေနဲ့ အောင်ပွဲခံနိုင်ခဲ့တာပါ"ဟု ချာဗက်ဇ်က ဆိုသည်။

ကာပရီလက်စ်က "ဘယ်ရလဒ်ပဲ ထွက်ထွက်ပါ။ နိုင်ငံအတွက် ပိုကောင်းဖို့ပဲ မျှော်လင့်ပါတယ်။ သမ္မတ တစ်ယောက် အနေနဲ့ ဗင်နီဇွဲလားအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ချားဗက်ဇ်အတွက် ဆုမွန်ကောင်း တောင်းပေးပါတယ်"ဟု ၎င်းအား ထောက်ခံ အားပေးသူများကို စိတ်လှုပ်ရှားစွာ မိန့်ခွန်း ပြောကြားသွားသည်။ ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ နိုင်ငံသား (၁၉)သန်းကျော်အနက် (၈၀)ရာခိုင်နှုန်းအထက် မဲပေးခဲ့ကြောင်း သိရှိရသည်။

Source: WashingtonPost

No comments:

Post a Comment