Monday 8 October 2012

ဆူဒန်စစ်ဘက်သုံးလေယာဉ်ပျက်ကျမှု ၁၃ ဦးသေဆုံး

ဆူဒန်နိုင်ငံတွင် စစ်ဘက်သုံး လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါလာသူ (၁၃)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က ဖြစ်ပွားသော လေယာဉ် ပျက်ကျမှု အတွင်းတွင် နောက်ထပ် (၉)ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း အစိုးရပိုင် SUNA သတင်းစာက ဖော်ပြခဲ့သည်။ Antonov 12 အမျိုးအစား လေယာဉ်သည် ခါတိုအမ်မှ အယ်လ်ဖာရှာသို့ ဦးတည် ပျံသန်းခဲ့စဉ် ပျက်ကျခြင်း ဖြစ်သည်။

လေယာဉ်ပေါ်တွင် ခရီးသည် (၁၆)ဦးနှင့် အမှုထမ်း (၆)ဦးတို့ လိုက်ပါလာခဲ့ကြသည်။ အားလုံးမှာ စစ်ဘက်မှ အရာရှိများ ဖြစ်ကြပြီး အွမ်ဒါမန်း မြို့အနီးတွင် လေယာဉ် ပျက်ကျသွားခြင်းဟု သိရသည်။ လေယာဉ်ပျက်ကို ခါတိုအမ်မြို့ အရှေ့ဘက်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဆူဒန် စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ အယ်လ် ရှာဝါမီ ခါလစ်ဆာ့ဒ်က ပြောကြားသွားသည်။

လေယာဉ်ပေါ် ပါလာသူများအနက် (၁၃)ဦးသည် အခင်းဖြစ်သည့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။ "လေယာဉ်ပျက်ကျတာဟာ နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှု တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်"ဟုလည်း ခါလစ်ဆာ့ဒ်က မှတ်ချက်ပြုခဲ့သည်။ လေယာဉ်မှူးသည် လေယာဉ်အင်ဂျင် တစ်လုံး ရပ်သွားကြောင်း သတင်းပို့ခဲ့ပြီး မကြာမီ နောက်တစ်လုံးပါ ရပ်သွားကြောင်း နောက်ဆုံး အကြောင်းကြားသွားသည်။ လေယာဥပ်ပျက်ကို အွမ်ဒါမန်းမြို့ အနောက်ဘက် ကီလိုမီတာ (၄၀)မျှ အကွာတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်းလည်း သိရှိရသည်။

Source: XinhuaNet

No comments:

Post a Comment