ဓမ္မရဲ့ အနှစ်သာရ (၃)မျိုးကတော့ သီလ၊ သမာဓိ၊ ပညာပါပဲ။ အဲသည်အနှစ်သာရ (၃)မျိုးက တန်ဖိုးရှိတယ်။ ဓမ္မရဲ့ အနှစ်သာရဖြစ်လို့ ကောင်းကျိုးပြုတယ်။ အနှစ်သာရကို ပိုင်ပိုင်နိုင်နိုင် တွေ့ရှိ ဆုပ်ကိုင်မိလေလေ မှန်ကန်သော ချမ်းသာသုခကို ရရှိလေလေပါပဲ။
ဓမ္မရဲ့ အနှစ်သာရတစ်မျိုးဟာ သီလဖြစ်တယ်။ ကျင့်ဝတ်ဖြစ်တယ်။
နူတ်နဲ့ပြောမိတဲ့ မကောင်းမူ၊ ကာယကံမြောက် ကျူးလွန်မိတဲ့ မကောင်းမူတွေကို ကင်းအောင်၊ မဖြစ်အောင် ရှောင်တာပါ။
မရှောင်နိုင်ဘဲ ကျူးလွန်ပြုလုပ် ပြောဆိုနေခဲ့ရင် စိတ်နှလုံး ညစ်နွမ်းတာနဲ့အမျှ အကုသိုလ်တွေ များနေမှာ ဖြစ်တယ်လေ။
မကောင်းမူတွေဟာ ညစ်ညမ်းတဲ့ စိတ်နှလုံးအခြေခံနဲ့ လျှောက်လုပ်တာ မဟုတ်လား။ စိတ်မညစ်ညမ်း မဖောက်ပြန်ဘဲ အကုသိုလ်တွေ လုပ်လို့မရဘူး။
ကိုယ်ရောနူတ်ပါ မထိန်းရင် စိတ်နှလုံး အညစ်အကြေးတွေဟာ များသထက်များမှာပါပဲ။ တိုးသာတိုးတယ်၊ ယုတ်လျော့သွားမှာ မဟုတ်ဘူး။
စိတ်နှလုံးအညစ်အကြေးတွေ အကုသိုလ်တွေဟာ လူတွေကို ဆင်းရဲဒုက္ခရောက်အောင် လုပ်မှာဖြစ်တယ်။ ချမ်းသာသုခနဲ့ ပြည့်ဝအောင် ဘယ်လိုမှ မလုပ်နိုင်ဘူး။
အဲ့သည် သဘောတရားကြောင့် ဓမ္မရဲ့ အနှစ်သာရသုံးမျိုးမှာ (သီလ)ဟာ နံပါတ်တစ်က ပါတာပေါ့။
ဓမ္မရဲ့ ဒုတိယအနှစ်သာရက သမာဓိဖြစ်ပါတယ်။ နည်းစနစ်မမှန်တဲ့ စိတ်ကူးယဉ်မူတွေ ကင်းတယ်။ ပြီးတော့ ယထာဘူတကျတဲ့ အာရုံနဲ့ အကူအညီနဲ့ စိတ်ကို တည်ငြိမ်အောင် ထားတာဟာ သမာဓိပါပဲ။
တည်ငြိမ်မူကင်းတဲ့ စိတ်ဟာ ညစ်ညမ်းနေတယ်။ မတည်ငြိမ်တဲ့ စိတ်ကူးယဉ်မူတွေ၊ ဒါမှမဟုတ် လိုချင်တောင့်တမူတွေအပေါ် အခြေခံပြီး တည်ငြိမ်နေတဲ့ စိတ်ကလည်း ညစ်ညမ်းနေတယ်။
အဲသည် ညစ်ညမ်းတဲ့စိတ်တွေက လူတွေကို ဆင်းရဲဒုက္ခရောက်အောင် လုပ်တယ်။ ချမ်းသာသုခတွေ ရလာအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။
သမာဓိမရှိရင် မိမိအတွက်လည်း မကောင်းဘူး။ အခြားသူတွေအတွက်လည်း မကောင်းဘူး။ ဆင်းရဲဒုက္ခသာ ဖြစ်နေလိမ့်မယ်။
ဓမ္မရဲ့ တတိယ အနှစ်သာရက ပညာပါ။
ရာဂ၊ ဒေါသ၊ မောဟတွေနဲ့ အဲတာတွေကြောင့် ဖြစ်လာတဲ့ သံယောဇဉ်အမျှင်တွေဟာ စိတ်နှလုံး အညစ်အကြေးတွေပါ။ အကုသိုလ်တွေပေါ့။
ပညာက အဲသည် သံယောဇဉ် အညစ်အကြေးတွေကို ဖယ်ရှားပစ်တယ်။ ပညာနဲ့ အညစ်အကြေးတွေ မဖယ်နိုင်ရင် ဆင်းရဲဒုက္ခ ရောက်နေမှာပဲ ။ ချမ်းသာသုခနဲ့ ဝေးတယ်။
သီလ၊ သမာဓိ၊ ပညာတွေကို အလေ့အကျင့် ပြုလုပ်တာဟာ ဓမ္မရဲ့အနှစ်သာရကို ဆုပ်ကိုင်မိအောင်လုပ်တာ ဖြစ်ပါတယ်။
ချမ်းသာသုခကို ရအောင်ပြုလုပ်တာ ဖြစ်ပါတယ်။
*လက်တစ်ဘက်ဖြင့်၊ လက်တစ်ဘက်ကို
ခြေတစ်ဘက်ဖြင့်၊ ခြေတစ်ဘက်ကို
ဆေးကြောရာသကဲ့သို့၊
ပညာကို သီလဖြင့် ဆေးကြောရာ၏။
သီလကို ပညာဖြင့် ဆေးကြောရာ၏။
အကြင်ပုဂ္ဂိုလ်၌ သီလရှိ၏။
ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။
အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏။
ထိုပုဂ္ဂိုလ်၌ သီလရှိ၏။
သီလရှိသောသူ၌ ပညာရှိ၏
ပညာရှိသောသူ၌ သီလရှိ၏။
သီလရှိသောသူ၌ သီလရှိ၏။
သီလနှင့်ပညာကို
လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။
ဗုဒ္ဓ၏သြ၀ါဒ (သောဏဒဏ္ဏသုတ်၊ သီလက္ခန္ဓ၀ဂ်၊ ဒီဃနိကာယ်)
No comments:
Post a Comment