Saturday 11 August 2012

မြောင်းထဲရောက်နေသည့် မြန်မာအသင်းကို သူတို့ ဆွဲတင်ပေးနိုင်မလား



ခေါင်းစဉ်နှင့် ပတ်သက်၍ ဦးစွာ ရှင်းလင်း လိုပါသည်။ ယခုခေါင်းစဉ်သည် ကြမ်းကောင်းကြမ်းမည်၊ ရိုင်းကောင်းလည်း ရိုင်းနေပေမည်။ သို့သော် မှန်သင့်သလောက်လည်း မှန်ပေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း မြန်မာ့ လက်ရွေးစင် အသင်း၏ ခြေစွမ်းနှင့် အဆင့်အတန်း၊ ရလဒ်များနှင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များက သက်သေတည် ပေလိ့မ်မည်။ ယခုခေါင်းစဉ်သည် မြန်မာ့ဘောလုံး ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အားကြိုးမာန်တက် ကြိုးပမ်း အားထုတ်နေသူ တစ်ဦး တစ်ယောက်ကိုမျှ စော်ကား ပုတ်ခတ်လို၍ မဟုတ်၊ နိမ့်ကျနေသည့် မြန်မာ့ဘောလုံး အဆင့်အတန်းအား ပြန်လည် ဆွဲတင်ပေးနိုင်မည့် အခွင့်အရေး တစ်ခု ရှိနေသည့် အချိန်တွင် အမှန်တကယ် ဆွဲတင် ပေးနိုင်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်၊ ဆွဲတင် ပေးကြစေလိုသည့် ဆန္ဒ၊ ဆွဲတင် ပေးနိုင်ကြပါစေ ဆိုသည့် ဆုတောင်း အစရှိသည်တို့အား အခြေခံ၍ ဖြစ်ပေါ်လာသည့် ခေါင်းစဉ် တစ်ခုမျှသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။။


အဆိုးရွားဆုံး အနေအထား

မြန်မာ့ လက်ရွေးစင် အသင်းကြီးသည် နောက်ဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မွန်ဂိုးလီးယားအား အနိုင်ရခဲ့ သော်လည်း အိုမန်ကဲ့သို့ အာရှအဆင့် အသင်းအား ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ တစ်ပွဲမျှပင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ဘဲ တစ်နှစ်ကျော်ခန့် အထိ ပြိုင်ပွဲများနှင့် ဝေးကွာနေခဲ့သည်။ ၁၉၉၆ ခုနှစ်မှ စတင်၍ ၂နှစ်တစ်ကြိမ် ကျင်းပခဲ့သည့် အာဆီယံ အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလား (ယခင် တိုက်ဂါးဖလား) ပြိုင်ပွဲတွင် စုစုပေါင်း အကြိမ်ရေ (၈)ကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂၀၀၄ခုနှစ် တစ်ကြိမ်သာ အုပ်စု အဆင့်အား ကျော်လွန်၍ ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ပေသည်။ ထိုပြိုင်ပွဲတွင် မြန်မာတို့ အတွက် အမြင့်ဆုံး အောင်မြင်မှုမှာ စတုတ္ထတစ်ကြိမ် ရရှိခဲ့ဖူးခြင်းမျှသာ ဖြစ်ပြီး တစ်ချိန်က အာရှအထိ ထိုးဖောက် အောင်မြင် ခဲ့ဖူးသည့် မြန်မာ့ ဘောလုံး သမိုင်းနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက သေးသိမ် လွန်းလှသည့် အနေအထား တစ်ရပ်ပင် ဖြစ်သည်။

ထိုမျှပင် မကသေး။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က လစဉ်ထုတ်ပြန်သည့် ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် တွင်လည်း သြဂုတ်လ (၈)ရက်နေ့ ထုတ်ပြန်မှုအရ အဖွဲ့ဝင် နိုင်ငံပေါင်း (၂၀၉)နိုင်ငံ ရှိသည့်အနက် အဆင့် (၁၈၄)၌ ရပ်တည် နေခဲ့ပြန်သည်။ မိမိတို့၏ အောက်တွင် (၂၄)နိုင်ငံသာ ကျန်ရှိတော့သည် အထိ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အနေအထား တစ်ရပ်ပင် ဖြစ်ပေသည်။ ဖီဖာ၏ အမှတ်ပေးစနစ် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ထိုသတ်မှတ်မှုအရ နိုင်ငံ့ လက်ရွေးစင် အသင်း၏ ဘောလုံး အဆင့်အတန်းမှာ ဆိုးသည်ထက် ဆိုးရွားနေသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ သေချာသည်မှာ အချိန်မီသာ မကုစားနိုင်ပါက ယခုရှိနေသည့် အဆင့်ထက် ပို၍ပင် ကျဆင်းသွားရန် ရှိနေသေးပြီး ကမ္ဘာ့အလယ် မြန်မာ့ဘောလုံးချစ် ပရိသတ်များ မျက်နှာငယ် နေရဦးမည်ပင် ဖြစ်သည်။

ပရိုလိဂ်

၂၀၀၉ခုနှစ်တွင် မြန်မာ့ ဘောလုံး လောကအား အပျော်တမ်း အဆင့်မှ ပရော်ဖက်ရှင်နယ်   ဘောလုံးလိဂ်အသွင် ပြောင်းလဲ ခဲ့ခြင်းကြောင့် ပြည်ပမှ နိုင်ငံခြားသား ကစားသမားများ သာမက နည်းပြများ၊ ဘောလုံးပညာ တတ်ကျွမ်းသူများ ရောက်ရှိ လာခဲ့သည်။ အစပိုင်း၌ ကောင်းကျိုးထက် ဆိုးကျိုးများ ပိုမိုများပြားခဲ့ပြီး ပြည်တွင်း ကစားသမားအချို့ အောင်မြင်မှု၊ ငွေကြေး၊ ဆုလာဘ်များဒဏ် မခံနိုင်ဘဲ ပျက်စီးခဲ့ကြသည်။ အဆိုးများကြားမှ အကောင်းများကို ရယူရင်းက သက်တမ်း ၃နှစ်ကျော် ၄နှစ် ပြည့်လုချိန်တွင် ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်မှ အသီးအပွင့် အချို့ စတင် စားသုံးခွင့် ရရှိခဲ့ရာ အထင်ရှားဆုံး ဥပမာ တစ်ရပ် အနေဖြင့် အာရှ ယူ-၂၂ ဘောလုံး ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ပထမဆုံးအကြိမ် ကျင်းပသည့် ပြိုင်ပွဲတွင် နောက်ဆုံးအဆင့် တက်ရောက်သည့် အရှေ့တောင် အာရှ၏ တစ်သင်းတည်းသော အသင်းအဖြစ် မှတ်တမ်းရေးထိုး နိုင်ခဲ့သည်။ ထို့နည်းတူပင် BIDC ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင်လည်း မြန်မာ ယူ-၂၁ အသင်း အနိုင်ရ ဗိုလ်စွဲခဲ့သည်။ သက်တမ်းအလိုက် ပြိုင်ပွဲများတွင် တက်ရိပ်ပြနေပြီ ဖြစ်သည့် မြန်မာ့ဘောလုံး အပေါ် ဘောလုံးချစ် ပရိသတ်များ၏ စိတ်ဝင်စားမှုမှာလည်း ထိုက်သင့်သလောက် မြင့်တက် လာခဲ့သည်။ ထို့အတူပင် မြန်မာယူ-၂၂ အသင်းအား အာရှခြေစစ်ပွဲ အောင်မြင်စေရန် ဦးဆောင် လမ်းပြပေးခဲ့သူ ကိုရီးယား နည်းပြကြီး ပတ်ဆောင်ဟွာ ကိုင်တွယ်မည့် ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲ ၀င်ရောက်ရန် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည့် မြန်မာ့ လက်ရွေးစင် အသင်းကြီး အပေါ်တွင်လည်း မျှော်လင့်ချက်များ ပိုမိုတိုးပွား လာခဲ့ပေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ရက်နေ့က ပဏာမ ကစားသမား (၂၈)ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ကာ စခန်းသွင်း   လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် MNL All-Star အသင်းနှင့် ပထမဆုံး ခြေသွေးခွင့်ရမည် ဖြစ်သည်။ MNL All-Star ဟု ဆိုရာ၌ မြန်မာ နေရှင်နယ် လိဂ် ကလပ် အသင်းများမှ နိုင်ငံခြားသား ကစားသမားများနှင့် လက်ရွေးစင် အသင်းမှ ဂိုးသမားနှစ်ဦး ထပ်ပေါင်းဖြည့်ကာ ရတနာပုံ နည်းပြကြီး ဘောဂတ်စ်က တာဝန်ယူ ကိုင်တွယ်မည့် အသင်း ဖြစ်သည်။ ထိုပွဲစဉ်သည် မသန်စွမ်း အားကစားသမားများ အတွက် ရံပုံငွေ ပွဲစဉ်တစ်ခု ဖြစ်သော်ငြား MNL All-Star အသင်း၌ လက်ရှိ လိဂ်ပြိုင်ပွဲများတွင် အသင်းတိုင်း၌ အဓိက ကစားသမားများ အနေဖြင့် ခြေစွမ်းပြနေ သည့် နိုင်ငံခြားသား ကစားသမား များဖြင့် စုဖွဲ့ထားခြင်း၊ နည်းပြ ဘောဂတ်စ်က "လက်ရွေးစင် အသင်းအတွက် ခက်ခဲသည့် ပွဲစဉ်တစ်ခု ဖြစ်စေရမည်" ဟု ဖွင့်ဟထားခဲ့ခြင်း၊ ပတ်ဆောင်ဟွာ ကိုင်တွယ်သည့် လက်ရွေးစင် အသင်းကြီး၏ ခြေစွမ်းအား အကဲခတ်လိုခြင်း စသည့် အချက်များကြောင့် ပရိသတ်များ စိတ်ဝင်တစား ရှိလာနိုင်သည့် ပွဲစဉ်တစ်ခုလည်း ဖြစ်ပေသည်။

လေ့ကျင့်ရေး

ပတ်ဆောင်ဟွာသည် လေ့ကျင့်ရေးတွင် ခိုခိုကပ်ကပ် ကစားတတ်သည့် ကစားသမားများအား မနှစ်မြို့ သကဲ့သို့ပင် ၎င်းမကြိုက်သည့် အချက်များအား ကစားသမားများ သိရှိအောင် ကြိုတင် အသိပေး ပြောကြားခဲ့ပြီး လေ့ကျင့်ရေး တွင်လည်း မခိုမကပ် လိုက်လံ လေ့ကျင့်ကြရန် ကြိုးပမ်းတတ်သူ ဖြစ်သည်။ ၎င်း၏ လက်အောက်တွင် ကစားခဲ့ဖူးသည့် ယူ-၂၂ အသင်းမှ ကစားသမားများ အတွက် ထူးထူးခြားခြား မရှိနိုင်သော်ငြား ယခုမှ ကိုရီးယား နည်းပြကြီးနှင့် ရင်ဆိုင်ရသည့် ကစားသမားများ အတွက်မူ လွယ်ကူသည့် လေ့ကျင့်ရေးများ မဖြစ်ခဲ့ပေ။ ပတ်ဆောင်ဟွာနှင့် ကြံ့ခိုင်ရေး နည်းပြ ဟာဟေဂျွန်တို့၏ လေ့ကျင့်ရေး များသည် ခက်ခဲသည်၊ ပင်ပန်းသည်။ ယခုတစ်ကြိမ် ရွေးချယ်ထားသည့် ပဏာမ ကစားသမား (၂၈)ဦးထဲကမှ မကြိုးစားသည့်၊ လေ့ကျင့်မှု လျော့နည်းသည့် ကစားသမားများ အနေဖြင့် အချိန်မရွေး လက်ရွေးစင် အသင်းမှ စွန့်ခွာ ရနိုင်သည်အား သိကြသည်။ ထို့ကြောင့်လည်း ကစားသမားများ အားလုံးလိုလို ကြိုးစားပမ်းစား လေ့ကျင့်ကြသည်။

သြဂုတ်လ (၁၀)ရက်နေ့က သုဝဏ္ဏကွင်းတွင် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေး၌ နှစ်သင်းခွဲ၍ ခြေစမ်းခဲ့သည်။ (က)အသင်းတွင် လက်ရွေးစင် အသင်း၏ အဓိက ကစားသမား ဖြစ်လာနိုင်သည့် ကစားသမား အများစု ပါဝင်ခဲ့ပြီး (ခ)အသင်းမှာလည်း အသင်းကောင်း တစ်သင်းအဖြစ် ယှဉ်ကစား နိုင်ခဲ့သည်။ ထိုပွဲစဉ်၌ လက်ရွေးစင် (က)အသင်းဘက်၌ ယူ-၂၂ အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ရရှိခဲ့သည့် နှစ်ဂိုးစလုံးအား ဖန်တီးပေး နိုင်ခဲ့သည်။ အဖွင့်ဂိုးအား တိုက်စစ်မှူး ရန်ပိုင် သွင်းယူနိုင်အောင် အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ သကဲ့သို့ပင် ရန်အောင်ဝင်း ဧရိယာ အတွင်းမှ လှလှပပ ခေါင်းတိုက်ဂိုး သွင်းယူနိုင်ရန် အတွက်လည်း ဘယ်ခြမ်းမှ ဖြတ်တင်ပေး နိုင်ခဲ့သည်။ ထိုပွဲစဉ်တွင် (ခ)အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးအား ဒေးဗစ်ထန်းက ဧရိယာ အပြင်မှ လှလှပပ အပြင်း ကန်သွင်းခဲ့ခြင်း ဖြစ်ပြီး လေ့ကျင့်ရေး ပွဲစဉ်တစ်ခုထက် ပိုသည့် ရသများအား ပေးစွမ်း နိုင်ခဲ့ပေသည်။ ထိုလေ့ကျင့်ရေးပွဲစဉ်မှ ခြေစွမ်းများအရ မြန်မာ့လက်ရွေးစင် အသင်းသည် ယခုနှစ်ပိုင်းအတွင်း အလွန် တောင့်တင်းသော၊ ကြိုးစားအားထုတ်မှု ကောင်းသော၊ စည်းကမ်းရှိသော အသင်းတစ်သင်း ဖြစ်လာနိုင်ကြောင်း သတိထားမိခဲ့သည်။

ဆူဇူကီး အခွင့်အလန်း

လက်ရွေးစင် အသင်းသည် သြဂုတ်လ ၁၅ရက်နေ့ ရံပုံငွေပွဲ အပြီးတွင် ခေတ္တ တန်းဖြုတ်ထားမည် ဖြစ်ကာ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲများ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လိဂ်ပွဲများ အပြီးတွင် အသင်းအား ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကာ စက်တင်ဘာလ အတွင်း စင်ကာပူ၊ ထိုင်းအသင်း များနှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ်ထား သကဲ့သို့ ဂျပန်နိုင်ငံသို့ သွားရောက်ကာ ပူးတွဲ လေ့ကျင့်ရေး ပြုလုပ်နိုင်ရန်နှင့် ခြေစမ်းပွဲများ ကစားနိုင်ရန်လည်း စီစဉ်ထားပြီး ဖြစ်သည်။ ထိုကဲ့သို့ အဘက်ဘက်မှ ပံ့ပိုးပြင်ဆင် ပေးနေမှုများမှာ လာမည့် အောက်တိုဘာ ၅ရက်နေ့တွင် ရန်ကုန်၌ စတင် ကျင်းပမည့် ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်များ၌ ခြေစွမ်းပြ ခြေစစ်ပွဲအောင်ရန် အတွက် သာမက ထိုပြိုင်ပွဲ၌ ပထမဆုံး အကြိမ်အဖြစ် အောင်မြင်မှု ဆုဖလား ဆွတ်ခူးနိုင်ရန် အတွက်လည်း ရည်မှန်း၍ ပြင်ဆင် လေ့ကျင့်နေခြင်း ဖြစ်သည်။ ထို့အတူပင် နည်းပြချုပ် ပတ်ဆောင်ဟွာ အနေဖြင့် လက်ရှိ ပဏာမ လူစာရင်းထဲမှ ခြေစွမ်းခြေစ ကောင်းမွန်၍ အတွေ့အကြုံ ရင့်ကျက်ပြီးဖြစ်သည့် ကစားသမားများအား အကောင်းဆုံး ကြိုးစားအားထုတ် လာစေရန် စည်းရုံးနိုင်မည်၊ စည်းကမ်းပိုင်း တိုးတက်ကောင်းမွန်လာရန် လုပ်ဆောင်နိုင်မည်၊ လူကြီးနှင့် လူငယ် အကောင်းဆုံး လက်တွဲကြိုးပမ်းကြမည်၊ ဘောလုံးချစ် ပရိသတ်ကြီးကလည်း အကောင်းဆုံး လိုက်ပါ ပံ့ပိုးပေးနိုင်မည်ဆိုပါက လက်ရွေးစင် အသင်းကြီး အနေဖြင့် မကြာမီကာလအတွင်း အောင်မြင်မှု တစ်ခုခု အနှေးနှင့်အမြန် ရရှိလာမည် ဖြစ်သည်။

ဆူဇူကီးဖလား ပြိုင်ပွဲတွင် ခြေစွမ်းပြ နိုင်ပွဲများ ရယူခြင်းဖြင့် အောက်သို့ ထိုးဆင်းနေသည့် မြန်မာ့ လက်ရွေးစင် အသင်း၏ ကမ္ဘာ့အဆင့်အား ပြန်လည်မြှင့်တင် ပေးနိုင်မည် ဖြစ်သကဲ့သို့ အောင်ပွဲများ ငတ်မွတ်နေသည့် မြန်မာ့ဘောလုံးချစ် ပရိသတ်ကြီး အတွက်လည်း အတိုင်းမသိသော ပျော်ရွှင်မှုများ ဖန်တီးပေး နိုင်မည်မှာ သေချာ လှပေသည်။ တစ်နည်းအားဖြင့် မြောင်းထဲ ရောက်နေသည့် မြန်မာ့ ဘောလုံး အဆင့်အတန်းအား ဆွဲတင်ပေးနိုင်မည် ဖြစ်သကဲ့သို့ ဘောလုံးချစ် ရွှေမြန်မာ တို့မှာလည်း ကမ္ဘာ့အလယ် တစ်ဖန် ပြန်လည်၍ ၀င့်ကြွား လာနိုင်မည်ဟု ယုံကြည် မိပါကြောင်း တင်ပြရင်း...

ref:SM

No comments:

Post a Comment