Saturday 11 August 2012

ရခိုင်တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် နှစ်နာရီလျော့

ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အချို့ဖြစ်သော မောင်တော၊ဘူးသီးတောင်၊စစ်တွေ၊ကျောက်ဖြူ၊သံတွဲ နှင့် ရမ်းဗြဲမြို့များတွင်  ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရာ ယခုလ ၉ ရက်နေ့က ယင်းအမိန့်အား နှစ်နာရီလျော့ချလိုက်သည်ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများ၏ ကြေငြာချက်အရသိရသည်။


ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် အထက်ပါမြို့များတွင် ယခင်က ညမထွက်ရအမိန့်အား 
ညနေ ၆ နာရီမှ နံနက် ၆ နာရီ သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ယခုအခါ ည ၇ နာရီမှ နံနက် ၅ နာရီ အထိသို့ ပြောင်းလဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။လက်ရှိအခြေအနေတွင် စစ်တွေ၊ရမ်းဗြဲ၊ကျောက်ဖြူနှင့် သံတွဲမြို့များ၏ အခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး မောင်တော၊ဘူးသီးတောင် မြို့များ၏ အခြေအနေမှာလည်း ယခင်ကဲ့သို့ တည်ငြိမ်အေးချမ်းလာပြီဖြစ်သည်။သို့သော် သြဂုတ် ၈ ရက်နေ့က ကျောက်တော်မြို့တွင် ဆူပူအကြမ်းဖက်မှုအချို့ဖြစ်ပေါ်ခဲ့သဖြင့် ယင်းမြို့တွင် ညမထွက်ရအမိန့်ကို သြဂုတ် ၈ ရက်နေ့က ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

ကျောက်တော်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း မြို့ပေါ်တွင် ဈေးများ၊ကျောင်းများသည် ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်အချို့မှ ဒေသခံများမှာ ညမထွက်ရအမိန့်အား ရုတ်သိမ်းစေချင်သော်လည်း မောင်တော၊ဘူးသီးတောင် မြို့နယ်များမှ ဒေသခံများအနေဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကို ပိုမိုကျေနပ်မှုရှိကြောင်း   မောင်တောဒေသခံတစ်ဦးကပြောသည်။
 
ref:7daynews

No comments:

Post a Comment