Saturday 11 August 2012

ဘရာဇီးကို အနိုင်ယူပြီး အိုလံပစ်ချန်ပီယံ ဖြစ်ခဲ့သည့် မက္ကဆီကို # ဘရာဇီး ၁-၂ မက္ကဆီကို

 
အိုလံပစ် ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ၏ ဗိုလ်လုပွဲ အဖြစ် ဂျပန် အား အနိုင်ရယူခဲ့သည့် မက္ကဆီကို နှင့် ကိုးရီးယားအား ကျော်ဖြတ် လာခဲ့သည့် ဘရာဇီး အသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင် ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်ရှိ ဝင်ဘလေ ကွင်းတွင် ကစားသွား ခဲ့သော ဗိုလ်လုပွဲတွင် မက္ကဆီကို သည် တိုက်စစ်မှုး ပါရယ်လ်တာ ၏ ဂိုးနှစ်ဂိုးနှင့် အတူ ဘရာဇီးအား ၂-၁ ဖြင့် အနိုင်ရယူ ခဲ့ကာ ချန်ပီယံ ဖြစ်ခဲ့သည်။ ယခု ပွဲစဉ်၌ မက္ကဆီကို အသင်းသည် အဓိက ကစားသမား ဒေါ့ဆန်းတို့စ် ဒဏ်ရာ ရရှိနေသောကြောင့် ၄-၅-၁ ကစားကွက်ကို ပုံဖော် ခဲ့ပြီး ပါရယ်လ်တာ ကို အထောင် ထားခဲ့ပြီး အင်းနရစ်၊ အကီနို၊ ဖေဘီယံ တို့ဖြင့် ကွင်းလယ်မှ ဝန်းရံ တိုက်စစ် ဆင်စေ ခဲ့သည်။ ဘရာဇီး အသင်းတွင်တော့ တိုက်စစ်မှုး နေးမာ၊ ဒါမီရို အစရှိသူတို့ ပါဝင် ခဲ့ပြီး ၎င်းတို့ ပွဲစဉ်တစ်လျှောက် အသုံးပြုခဲ့သော လူစာရင်း ဖြင့်သာ ပွဲထွက် ခဲ့ပြီး ၄-၂-၂-၂ ကစားကွက် ကို အခြေခံ ပုံဖော် ခဲ့သည်။


ယခုပွဲ၏ အဖွင့်ဂိုး သည် မြန်ဆန် လွန်းခဲ့ပြီး ပွဲချိန် ပထမဆုံး မိနစ် မပြည့်ခင် စက္ကန့်ပိုင်း အတွင်းမှာပင် မက္ကဆီကို အသင်းမှ သွင်းယူ သွားခဲ့သည်။  ဘရာဇီးလ် အသင်း ဘောလုံး အပေးမယူ လုပ်နေစဉ် ရာဖေးလ် ပေးလိုက်သည့် ဘောလုံးကို ကွင်းလယ်လူ ဆန်ဒရို ပေါ့ပေါ့ဆဆ ယူခဲ့ရာတွင် မက္ကဆီကို ကွင်းလယ် လူ အကွီနို လုယူ သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အကွီနို ဖန်တီးပေးလိုက်သည့် ဘောလုံး အား အထောင် တိုက်စစ်မှုး ပါရယ်လ်တာ ပိုင်ပိုင်နိုင်နိုင် ကန်သွင်း ယူ ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဘရာဇီး အသင်း ၎င်း တို့၏ ကစားပုံကို တည်ငြိမ် လာစေရန် အတွက် ရုန်းကန် ကစားခဲ့ရပြီး မက္ကဆီကို ၏ ဖိအားပေးခြင်း ကို ခံခဲ့ရသည်။ ပွဲချိန် ၁၅ မိနစ် နောက်ပိုင်းတွင် တော့ ဘရာဇီး အသင်း ကစားပုံ တက် လာခဲ့ပြီး မက္ကဆီကို ဂိုးပေါက်အား စတင် ခြိမ်းခြောက် လာခဲ့သည်။ သို့သော်လည်း တိုက်စစ် ကစားသမား များ ဖြစ်ကြသည့် နေးမာ ဒါမီရို နှင့် အော်စကာ တို့ ကစားပုံ မတွဲ မိခဲ့သလို နောက်မှ တိုက်စစ် လိုက်ပါ ကစားခြင်း မရှိတာကြောင့် မက္ကဆီကို ခံစစ် အား ထိုးဖောက်ရန် ခက်ခဲ နေ ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင်တော့ ဘရာဇီး သည် ၎င်း တို့၏ ကွင်းလယ်လူ အဲလက်စ် ဆန်ဒရို၏ နေရာတွင် တောင်ပံ တိုက်စစ် ကစားသမား ဟော့ခ် အား ထည့်သွင်း ကစားခဲ့ကာ တိုက်စစ် မြှင့်တင် ခဲ့သည်။
ဟော့ခ် ဝင်ရောက် ကစားပြီး နောက်ပိုင်း ဘရာဇီး အသင်း၏ တိုက်စစ် ကစားပုံ ပိုမို ထက်မြက် လာခဲ့သောလည်း တန်ပြန် တိုက်စစ် ဖြင့်သာ ရံဖန်ရံခါ တိုက်စစ် ဆင်နေသော မက္ကဆီကို၏ ခံစစ် ကစားပုံကြောင့် ဂိုး ရရန် ရုန်းကန် ရဆဲ ဖြစ်သည်။ ပွဲချိန် ပထမပိုင်း တစ်ဂိုးရှုံး ရလဒ်ဖြင့် ပွဲပြီး သွားခဲ့ပြီး ဒုတိယ ပိုင်း ပြန်လည် စတင်ချိန်တွင် နှစ်ဖက် အသင်း နှစ်သင်းလုံး နည်းဗျူဟာ ပြောင်းလဲမှု မပြုလုပ် ခဲ့ကြချေ။
ဒုတိယပိုင်း ပွဲချိန် များတွင် ဘရာဇီး အသင်း တစ်ဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ကစား ခဲ့သော်လည်း ခံစစ် ကို အားပြု ကစားခဲ့ကြသော မက္ကဆီကို အသင်းကြောင့် ဂိုးပေါက် ခြိမ်းခြာက်မှု ပြုလုပ်နိုင်ရန် ရုန်းကန် ခဲ့ရသည်။ ထို့အပြင် မကြာခဏ ဆိုသလို တန်ပြန် တိုက်စစ်များဖြင့် မြန်နှုန်းမြင့် ကစားခဲ့သော မက္ကဆီကို တိုက်စစ်ကြောင့် ဘရာဇီး အသင်း ဖိအား များနေ ခဲ့သည်။ ဖိအားများဖြင့် အမှားများနေသည့် ဘရာဇီးကြောင့် မက္ကဆီကို အသင်းသည် ခံစစ် ကို ပိုမို သေသပ်စွာ ကစားလာကြပြီး ပွဲချိန် မိနစ် ၆၀ တွင် တိုက်စစ်အားသန် ကစားသမား အကွီနိုကို ထုတ်ကာ ခံစစ်လူ ပွန်တီကို ထည့်သွင်း ကစား၍ ခံစစ် ကို ပိုမို လုံခြုံစေ ခဲ့သည်။
ဘရာဇီး တိုက်စစ်မှုး နေးမာ ပွဲချိန် မိနစ် ၆၀ ကျော်တွင် အပိုင် အခွင့်အရေး တစ်လုံး ရရှိ ခဲ့သော်လည်း ၎င်း ၏ ကန်ချက် များ သွား ခဲ့သည်။ နောက်ထပ် နှစ်မိနစ် အကြာ ပွဲချိန် ၆၃ မိနစ်တွင် မက္ကဆီကို အသင်းမှ တန်ပြန် တိုက်စစ် ဆင်လာ ခဲ့ပြီး ကွင်းလယ်လူ ဖေဘီယံ ဂိုးသမားအား ကျော်ဖြတ် နိုင်ခဲ့ကာ နောက်ပြန် ကန်ချက်ဖြင့် ကန်သွင်းခဲ့သော်လည်း ဘားတန်း မှန်သွား ခဲ့၍ ဘရာဇီး အသင်း ကံကောင်း ခဲ့ရသည်။ ဆက်တိုက် ဆိုသလိုပင် မက္ကဆီကို အသင်း တန်ပြန် တိုက်စစ်မှ တဆင့် ဂိုးသွင်းယူ ခဲ့သော်လည်း လူကျွံနေခဲ့ ၍ ဘရာဇီး ကံကောင်း ရပြန် သည်။
ပွဲချိန် မိနစ် ၇၀တွင် ဘရာဇီး အသင်း လူစားလဲမှု ထပ်မံ ပြုလုပ် ခဲ့ပြီး ကွင်းလယ် ခံစစ် ကစားသမား ဆန်ဒရို အစား မီလန် တိုက်စစ်မှုး ပါတို ဝင်ရောက် ကစားခဲ့သည်။  သို့သော်လည်း နောက်ထပ် ၄ မိနစ် အကြာ ၇၄ မိနစ်တွင် မက္ကဆီကို အသင်း ထပ်မံ ဂိုးသွင်းယူနိုင် ခဲ့သည်။ ၎င်း ဂိုးကိုတော့ အဖွင့်ဂိုး သွင်းယူ ခဲ့သူ ပါရယ်လ်တာ မှပင် ဖေဘီယံ၏ အလွတ်တည် ကန်ဘောမှ တဆင့် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းယူနိုင် ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နှစ်ဂိုးအထိ ရှုံးနိမ့် သွားသော ဘရာဇီး အသင်း အမှားအယွင်း ပိုများ လာခဲ့ပြီး မက္ကဆီကို အသင်း၏ တန်ပြန် တိုက်စစ် များကိုသာ ဖြတ်ထုတ် နေခဲ့ရ သည်။
ပွဲချိန် ၈၅ မိနစ်တွင် ဘရာဇီး အသင်း ဘက်မှ နောက်ခံလူ ရာဖေးလ် အစား လူးကပ်စ်မော်ရာ ဝင်လာ ခဲ့သလို ဆက်တိုက် ဆိုသလိုပင် မက္ကဆီကို အသင်းဘက် မှ နှစ်ဂိုး သွင်းယူ ထားသူ ပါရယ်လ်တာ အစား ဂျီမီနက်ဇ် ဝင်ရောက် ကစားခဲ့ သည်။ ပွဲချိန် မိနစ် ကိုးဆယ် ပြည့်သည့် အချိန်ထိ ခြေပဂိုး မသွင်းယူနိုင် ခဲ့သော ဘရာဇီး အသင်း အချိန် ပို မိနစ် သို့ စတင်ကူးပြောင်း ချိန်တွင်ပင် တိုက်စစ်မှုး ဟော့ခ် အမှတ်မထင် ခြေပဂိုး သွင်းယူနိုင် ခဲ့သည်။ ကွင်းလယ်မှ ကန်တင်ပေးလိုက်သည့် ဘောလုံး အမှတ်မထင် လွတ်ထွက် သွားခဲ့ခြင်း ဖြစ်ပြီး ဟော့ခ် အပိုင် ပိတ်သွင်း ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပွဲအခြေအနေ ပြောင်းလဲနိုင်စေသည့် ပွဲ ရလဒ် ဖြစ်ပေါ် လာခဲ့သော်လည်း ဘရာဇီး အသင်း ကံဆိုး ခဲ့သည်။ ပွဲချိန်  နောက်ဆုံး မိနစ် နောက်ဆုံး အခွင့်အရေး အဖြစ် ကွင်းလယ်လူ အော်စကာ  သရေကျစေမည့် ဂိုးသွင်း ခွင့် ရခဲ့သည်။ ဟော့ခ်၏ ဖန်တီးမှုကို ဂိုးပေါက်နှင့် ကပ်လျက် အနေအထား မှ အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အော်စကာ အနေဖြင့် အံ့ဩဖွယ် ကောင်းလောက်အောင် လွဲချော် သွားခဲ့၍ ဖြစ်သည်။ ထို့ကြောင့် မက္ကဆီကို အသင်းသည် ချန်ပီယံ အဖြစ် ရေပန်းစားနေသော ဘရာဇီး အား ၂-၁ ရလဒ်ဖြင့် အနိုင်ယူကာ အိုလံပစ် ရွှေတံဆိပ် ဆုအား ဆွတ်ခူး သွားနိုင် ခဲ့သည်။


ref:myanmarstriker

No comments:

Post a Comment