Saturday 11 August 2012

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (အဆုံး)


သဲအိတ်များကို ရေတိုက်စားခြင်း လှိုင်းပုတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ရလေအောင်   ရေတိုးရာ ရေဦးတိုက် နေရာများတွင် အောက်ဖော်ပြပါ ပုံကဲ့သို့ သေသေချာချာ ကာကွယ်နိုင်သော အကာအရံများ ထပ်မံဖြည့်သွင်း တည်ဆောက် ထားသင့်ပါသေးသည်။ ထိုသို့ တည်ဆောက်ရာတွင် ခိုင်ခံသော သစ်သားများကို အသုံးပြုပြီး အခြေကိုလဲ ရေတိုက်စားခြင်း မရှိရလေအောင် သေသေချာချာ စီမံပြုလုပ် အသုံးပြုသင့်ပါသည်။


ထပ်မံ၍ သဲအိတ်များ စီရာတွင် ရှောင်ရှားသင့်သည်များ၊ ဖြစ်တတ်သည့် အမှားများနှင့် လိုက်နာဆောင်ရွက် ရန် လိုအပ်သည်များကို ဖော်ပြပေးပါ့မယ်။

သဲအိတ်များကို ပြင်ဆင်စီထားရာတွင် သတိထားရမည့် အချက်များရှိပါတယ်။

၁) အမြန်ဆုံး ပြုလုပ်စီထားရမည် ဖြစ်သော်လည်း မြန်ချင်ဇောနှင့် ပြုလုပ်ခြင်းကြောင့်
- သဲများ နည်းလွန်းခြင်း။ များလွန်းခြင်း။
- သဲအိတ်များ အရွယ်အစား မတူညီခြင်း စသည်တို့ကြောင့် သဲအိတ်များ စီရာတွင် အခက်အခဲ ဖြစ်ရခြင်း။
- အလျှင်စလို သယ်ယူခြင်းကြောင့် ထိခိုက်ဒဏ်ရာများ ရရှိနိုင်ခြင်း။
- သဲအိတ် စီရာတွင် ပုံစံမကျခြင်း၊ စနစ်မကျခြင်းကြောင့် ထိရောက်မှု မရှိခြင်း။
 စသည်တို့ ဖြစ်နိုင်ပါသည်။

၂) ရေတိုက်ရိုက်တိုးရာ၊ လှိုင်းပုတ်ရာနေရာများတွင် အခြားအကာအကွယ်များ မထားရှိပဲ သဲအိတ်ချည်း စီထားခြင်ကြောင့်
- လှိုင်းပုတ်ခြင်း၊ ရေတိုးခြင်းကြောင့် စီထားသော သဲအိတ်များ ပြိုပျက်ခြင်း။
- ရေတိုက်စားခြင်းကြောင့် သဲအိတ်များ ပြိုပျက်ခြင်း။
စသည်တို့ ဖြစ်နိုင်ပါသည်။

၃) သဲအိတ်များ စီထား နေရာချထားပြီလျှင် ကာကွယ်နိုင်ပြီ အထင်နှင့် စစ်ဆေး ပြုပြင်မှု မရှိခြင်း။

၎) အရည်အသွေး မကောင်းသော သဲထည့်အိတ်များ အသုံးပြုခြင်း၊ အလျှင်စလို ပြုလုပ်ခြင်းကြောင့် သဲအစား မြေသားများ၊ ရွှံနွံများ အသုံးပြုခြင်းကြောင့် တိုးလာသော ရေတွင် ပျော်ဝင်ပြီး သဲတာများ ပြိုပျက်ခြင်း။
အစရှိသည်တို့ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် သဲအိတ်စီရန်အတွက် အောက်ပါ အချက်များကို လိုက်နာသင့်ပါသည်။

၁) သဲအိတ်စီခြင်းကို အရေးပေါ် ရေကြီးခြင်း ရေတက်ခြင်း မဖြစ်ခင် ကြိုတင်၍ လက်တွေ့လုပ်ကိုင်၊ လေ့ကျင့်ထားသင့်ပါသည်။ မည်သို့ပင် လေ့ကျင့်ထားသူ ဖြစ်သော်လည်း အမှန်တကယ် အရေးပေါ် အခြေအနေတွင် အမှားမှား အယွင်းယွင်း ဖြစ်တတ်ပါသေးသည်။

၂) သဲအိတ်ဖြည့်သည့်သူနှင့် သဲအိတ်ချည်မည့်သူသည် သဲအိတ်အလေးချိန်၊ အပျော့အတင်းကို တသမတ် တည်းရအောင် ဖြည့်ချည်သင့်ပါသည်။။

၃) သဲအိတ်ဖြည့်ရာတွင် ရရာ မြေကြီး၊ ရွှံနွံများမဖြည့်ပဲ သဲသန့်သန့်ကိုသာ ဖြည့်ရပါမည်။ အကယ်၍ မရနိုင်ပါက အရည်ပျော်မထွက်နိုင် စေရန်အတွက် ရေလုံသော အိတ်များကိုသာ အသုံးပြုသင့်ပါသည်။

၎) သဲအိတ်များ ဖြည့်တင်းရာနှင့် တာဖို့မည့်နေရာကို သယ်ပို့ရာတွင် တစ်ဦးချင်း သယ်ယူခြင်းထက် လက်ဆင့်ကမ်း သယ်ယူနည်းကိုသာ အသုံးပြုသင့်ပါသည်။

၅) သဲတာကို စီမည့်သူသည် ရေတိုးရာလမ်းကြောင်း ရေတိုးနိုင်သည့်အမြင့် စသည့်အချက်အလက်များကို တွက်ချက် ခန့်မှန်းတတ်သူ ဖြစ်ရပါမည်။ ။

၆) ရေတိုးနိုင်မည့်၊ လှိုင်းပုတ်နိုင်မည့် နေရာများတွင် သဲအိတ်များ ပြိုပျက်မသွားစေရန် အကာအရံများ ထပ်မံလုပ်ထားသင့်ပါသည်။

၇) ရေတားရန်အတွက် သဲအိတ်များ စီရာတွင် သဲအိတ်များအကြားအလပ် မရှိစေရန် သဲအိတ်များအကြား သဲဖြည့်ခြင်းကိုလဲ မေ့မထားသင့်ပါ။

၈) ရေအရှိန်ဖြင့် တိုးလာမည့်နေရာများ၊ ရေလမ်းကြောင်းများကို အတင်းပိတ်၍ သဲတာများ ပြုလုပ်ခြင်းကို ရှောင်ရှားသင့်ပါသည်။ လူနေရပ်ကွတ်များ၊ အရေးကြီးသော နေရာများကို ရေမဝင် ရောက်နိုင်စေရန်သာ ဦးစားပေး၍ ရေလမ်းကြောင်း လွှဲပေးခြင်းကိုသာ ဆောင်ရွက်သင့်ပါသည်။ (ဤအချက်သည် အထူးအရေးကြီးသည့် အချက်ဖြစ်ပါသည်။)

၉) ရေကြီး ရေတက်တတ်သည့် နေရာများတွင် သဲတာများ၊ သဲအိတ်ဘောင်များ ပြုလုပ်ခြင်းကို ကြိုတင်လေ့ကျင့်ထားသင့်ပါသည်။ ကြိုတင်လေ့ကျင့်ရန် ဖြစ်သော်လည်း ကြိုတင်၍ သဲအိတ်များ ပြုလုပ်ထားခြင်းကိုမူ ရှောင်ရှားသင့်ပါတယ်။
အဘယ့်ကြောင့်ဆိုသော် ကြာမြင့်စွာ ပြုလုပ်ထားသော သဲအိတ်များသည် ဆွေးမြေ့နေတတ်ပြီး ကောင်းစွာ ကာကွယ်ပေးနိုင်စွမ်း မရှိတတ်လို့ ဖြစ်ပါတယ်။ ၄င်းအစား လိုအပ်လောက်သည့် အရေအတွက်ရှိသည့် သဲအိတ်ခွံများကို ခြောက်သွေ့ သန့်ရှင်းသော နေရာများတွင် ကြိုတင်၍ စုဆောင်းထားသင့်သလို လိုအပ်မည့် သဲများကိုလဲ စုထားသင့်ပါသေးတယ်။

၁၀) အရေးပေါ် ရေကြီး ရေတက်လာပါက အသုံးပြုနိုင်မည့် ဂေါ်ပြား၊ ပေါက်တူး၊ အလပ်စတစ်အစ စသည့် ပစ္စည်းများကိုလည်း အရန်သင့် စုဆောင်းထားရှိသင့်ပါသည်။ ရေတိုး၊ ရေတက်ချိန်သည် များသောအားဖြင့် မိုးများသဲထန်စွာ ရွာသွန်းချိန်၊ မှောင်မဲနေချိန်နှင့် လမ်းများရေတင်နေချိန် ဖြစ်နေတတ်သဖြင့် မိုးကာအင်္ကျီများ၊ ရေစိုခံ ဓါတ်မီးများ၊ သဲအိတ်သယ်ရန် လမ်းအဖြစ် အသုံးပြုရန်အတွက် သစ်သာပြားကြီးများလဲ အဆင်သင့် ပြင်ဆင်ထားသင့်ပါသည်။

သဲအိတ်စီသည့်၊ စီထားသည့် နမူနာများကို ဗဟုသုတအနေဖြင့် လေ့လာနိုင်ရန် ရှာဖွေ တင်ပြပေးထားပါသည်။
ပုံ (၁၅) သဲအိတ်တာ နမူနာပုံစံ


ပုံ (၁၆) သဲအိတ်တာ စီထားပုံ


ပုံ (၁၇) သဲအိတ်ရေတား ပြုလုပ်နေပုံ


ပုံ (၁၈) သဲအိတ်စီနည်းနမူနာ


ပုံ (၁၉) သဲဖြည့်နေစဉ်


ပုံ (၂၀) ရေဝင်နိုင်သော တံခါးဝကို သဲအိတ်ဖြင့် ကာထားပုံ


ပုံ (၂၁) ရေတိုးနေစဉ် သဲအိတ်စီနေပုံ


ပုံ (၂၂) သဲအိတ်ဖြင့် ရေတားထားပုံ


ပုံ (၂၃) သဲအိတ်တာ


ပုံ (၂၄) သဲရေတား


ပုံ (၂၅) သဲရေတား


ပုံ (၂၆) အိမ်ကို သဲအိတ်ဖြင့်ရေတားထားပုံ

ပြီးပြည့်စုံသော စာတစ်ခုဟု မဆိုနိုင်သော်လည်း အနည်းငယ်မျှ အထောက်အပံ့ ဗဟုသုတရပါက ရေးရကျိုးနပ်ပါပြီ။

ပြီးပါပြီ။


ref: မူရင်းဆောင်းပါးရှင် ကိုသာပို အား ကျေးဇူးအထူးတင်ပါသည် ။

No comments:

Post a Comment