Monday, 10 August 2015

နယ်နိမိတ်ဇုန်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲခြင်းသည် မြောက်ကိုရီးယား လက်ချက်ဟု တောင်ကိုရီးယားစွပ်စွဲ

နှစ်နိုင်ငံကြား ပိုင်းခြားသတ်မှတ်ထားသည့် စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဖြစ်ကြောင်း တောင်ကိုရီးယားက စွပ်စွဲ ပြောကြားလိုက်သည်။
အစောပိုင်းက တောင်ကိုရီးယားသည် ယခုဖြစ်ရပ်တွင် မြောက်ကိုရီးယား၏ စနက် ပါဝင်ဖွယ် မရှိဟု မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ဩဂုတ် ၁၀ ရက်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းသည် တောင်ကိုရီးယား စစ်သည်များကို ထိခိုက်သေကြေစေရန် မြောက်ကိုရီးယားဘက်က ရည်ရွယ်ချက်ရှိရှိ ဆင်ထားသော မြေမြှုပ်မိုင်းများကြောင့်ဟု ဖော်ပြထားသည်။ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော ပေါက်ကွဲမှုတွင် တောင်ကိုရီးယား စစ်သားတစ်ဦးမှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ပြီး အခြားတစ်ဦးမှာလည်း ခြေတစ်ဖက် ဖြတ်လိုက်ရသည်။ အဆိုပါ မြေမြှုပ်မိုင်းကို မြောက်ကိုရီးယား စစ်သားများက ထောင်ထားခြင်းဖြစ်ပြီး ယင်းအတွက် အညှာအတာမရှိ တုံ့ပြန်မှုမျိုး ကြုံသွားနိုင်ကြောင်း တောင်ကိုရီးယား အစိုးရက သတိပေးလိုက်သည်။

တိတ်တဆိတ်မင်္ဂလာဆောင်မယ့် သတင်းတွေထွက်နေတဲ့ ဂျနီဖာလိုပက်ဇ်

အမေရိကန်အဆို တော် ဂျနီဖာလိုပက်ဇ်နှင့် ကကွက်ဖန်တီးသူကက်စပါ စမတ်တို့သည် တိတ်တဆိတ် မင်္ဂလာဆောင်ရန်စီစဉ်နေသည် ဟုသတင်းထွက်နေသည်။
ဂျနီဖာလိုပက်ဇ်နှင့် ကက် စပါစမတ်တို့သည် သုံးနှစ်တာချစ် ကြိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဇွန် လတွင် လမ်းခွဲကြောင်း ကြေညာ ခဲ့သော်လည်း လက်ရှိတွင် ပြန်ပေါင်းထုပ်လျက်ရှိသည်ဟုသိရ သည်။ အသက် (၄၆)နှစ်အရွယ်ရှိ ဂျနီဖာလိုပက်ဇ်နှင့် အသက်(၂၈)နှစ်အရွယ်ရှိ ကက်စပါစမတ်တို့သည် မိသားစုတစ်စုထူထောင်ရန် အကျဉ်းချုံး မင်္ဂလာပွဲတစ်ပွဲ နှင့် လက်ထပ်ရန် စိတ်အားထက်သန်နေသည်ဟု သတင်းရင်းမြစ် တစ်ခုက အမေရိကန် OK! မဂ္ဂဇင်းအားပြောကြားသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ ဆိုဒီလောတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်ပြီး ၁၇ ဦးထက်မနည်း သေဆုံး

ဆိုဒီလော တိုင်ဖွန်းမုန်တိုင်း တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ ဝင်ရောက် တိုက်ခတ်သွားရာ လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၅ ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ဩဂုတ် ၉ ရက်က ရှီကျန်း ဒေသတွင် မုန်တိုင်း ဝင်ရောက်မှုကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရ သတင်းဌာနများက ဖော်ပြခဲ့သည်။ ဝမ်ဇူးမြို့ တစ်မြို့တည်းတွင် အသေအပျောက် ၁၃ ဦးရှိပြီး လူ ၄ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ ကျန်သေဆုံးသူ ၄ ဦးမှာ အနီးရှိ လီရှူအီမြို့မှ ဖြစ်သည်။

ရေဘေးကြောင့် ၉၉ ဦးသေဆုံး၊ ပြည်သူတစ်သန်းခန့် ထိခိုက်

ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေး သင့်ပြည်သူတစ်သန်းခန့် ရှိလာပြီး သေဆုံးသူ သုံးဦး ထပ်မံ တိုးလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ရေ ဘေးသင့်သူအရေအတွက်သည် သြဂုတ် ၇ ရက်ထုတ်ပြန်မှုစာရင်း တွင် ခြောက်သိန်းခန့်ရှိပြီး သြဂုတ် ၈ ရက်ထုတ်ပြန်ချက်တွင်မူ ဦး ရေတစ်သန်းခန့် (၉၈၁,၃၈၅ ဦး) အထိရှိလာခြင်းဖြစ်သည်။
ရေဘေးသင့်ပြည်သူအရေ အတွက်တိုးမြင့်လာမှုတွင် မကွေး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အများဆုံးဖြစ်ပြီး နှစ်သိန်းခန့်စီ စာရင်းတိုးလာကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ထုတ် ပြန်ချက်စာရင်းတွင် ဖော်ပြထား သည်။ရခိုင်ပြည်နယ်တွင်လည်း ရေဘေးသင့် ပြည်သူ အရေအ တွက် ခြောက်သောင်းခန့် တိုး မြင့်လာခဲ့ပြီး အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့၌ အရေ အတွက်အနည်းငယ်စီ လျော့ကျ ခဲ့သည်ဟု သိရသည်။‘တချို့ဒေသတွေကတော့ ရေပြန်ကျလို့ ကိုယ့်ရွာကိုယ့်အိမ် ပြန်တဲ့သူတွေ ပြန်ကုန်ကြပြီ။ ပြန်နေလို့မရသေးတဲ့ သူတချို့ပဲ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန် တော့တယ်’’ ဟု ပွင့်ဖြူမြို့သို့ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။

အိုင်အက်စ် အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးများကို ဆက်ဒမ်ခေတ်အရာရှိများက လွှမ်းမိုးထားဟုဆို

အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးများတွင် ကြီးမှူးနေသူများမှာ အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ် ဟူစိန်လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိများဖြစ်သည်ဟု ပရပ်စ်တီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အေပီသတင်းဌာန၏ ဖော်ပြချက်အရ အိုင်အက်စ်အုပ်စု၏ ထိပ်တန်းရာထူးများတွင် လွှမ်းမိုးထားသူများမှာ ဆက်ဒမ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအေဂျင်စီများမှ အရာရှိဟောင်းများဖြစ်သည်ဟု အီရတ် အကြီးတန်းအရာရှိများက ပြောကြားသည်ဟု ဆိုသည်။

ကွမ်းစိုက်ခင်းများ ပျက်စီးသဖြင့် ပန်းတနော်ကွမ်းဈေး စံချိန်တင် မြင့်တက်

ယခုနှစ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး ကွမ်းပင်များ ပျက်စီးမှုကြောင့် ပန်းတနော်ကွမ်း ရွက်များသည် လက်ရှိဈေးကွက် အတွင်း တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ ခန့်စံချိန်တင် ဈေးမြင့် တက်နေကြောင်း သီရိမင်္ဂလာ ဈေးက သတင်းရရှိသည်။
 သီရိမင်္ဂလာဈေးမှ ကွမ်း ရွက်လက်လီလက်ကား ရောင်း ၀ယ်သူ မခင်ညိုက ‘‘ဒီဈေးမှာ ကွမ်းရွက်ရောင်းလာတာ ၁၅ နှစ် ရှိပြီ။ ပန်းတနော် ကွမ်းရွက် ဒီ လောက်ဈေးပေါက်နေတာ တစ် ခါမှမမြင်ဖူးဘူး။ ပြီးခဲ့တဲ့ နာဂစ် တုန်းကတောင် ပန်းတနော်ကွမ်း ရွက်တစ်ပိဿာကို ကျပ် ၁,၀၀၀ လောက်ပဲဈေးရှိပါတယ်’’ဟုပြော သည်။ ယခုလ ၅ ရက်နေ့မှစ၍ ပန်းတနော်ကွမ်းရွက်များ စတင် ဈေးတက်သွားသည်။ မူလဈေးမ တက်မီက ပန်းတနော်ကွမ်းရွက် တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ခန့် သာဈေးရှိခဲ့ကြောင်းသိရသည်။

အကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်းစည်းကမ်းသတ်မှတ်ချက် အတည်ပြုပြီးပါက လုပ်ငန်းလိုင်စင်ဆောင်ရွက်ရမည်

အကြံပေးလုပ်ကိုင်သူ များမှတ်ပုံတင်ခြင်းဆိုင်ရာ စည်း ကမ်းသတ်မှတ်ချက် (မူကြမ်း)ရေး ဆွဲပြီးဖြစ်၍ အတည်ပြုပြီးပါက လက်ရှိဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များလုပ် ငန်းလိုင်စင်ဖြင့် ဆောင်ရွက်ရ မည်ဟု သတင်းရရှိသည်။

၂၀၁၂ တွင် ထုတ်ပြန်ခဲ့ သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၄ ၌ ထုတ်ပြန်ခဲ့ သည့် နည်းဥပဒေများအရစီးပွား ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မဖြစ်မနေ ရေးဆွဲ အကောင်အ ထည်ဖော်ဆောင်ရွက်ရမည့် EIA /IEE လုပ်ငန်းစဉ်များဆောင်ရွက် ရန် အကြံပေး လုပ်ကိုင်သူများ သည် မဖြစ်မနေလုပ်ငန်းလိုင်စင် ရယူဆောင်ရွက်ရမည်ဖြစ်သည်။

Sunday, 9 August 2015

တပ်မတော်အရာရှိအချို့ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းခန့်အပ်မှုအပေါ် ဝေဖန်မှုများရှိနေ

တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ခန့်ထားခြင်းအပေါ် ဆရာဝန်လောက အတွင်း ဝေဖန် ပြောဆိုမှုများ  မြင့်တက်နေ ကြောင်း သတင်းရရှိသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ရှစ်ဦးအား ကျန်းမာရေးဝန် ကြီးဌာနရှိ ကုသရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရန် ဇူလိုင် ၂၈ နှင့် ၃၀ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ ကျန်းမာရေးဝန် ကြီးဌာန၊ ကုသရေးဦးစီး ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခန့်အပ်ခဲ့သည်။ ထိုသို့ခန့်ထားမှုအပေါ် ယခုရက်ပိုင်းအတွင်း ဝေဖန်မှု များ မြင့်တက်လာခြင်းဖြစ်သည်။
‘‘ဗိုလ်မှူးအဆင့်တို့၊ ဗိုလ်ကြီးအဆင့်တို့လောက်ဆို ဒီဘက်ပြောင်းလာရင် လက်ထောက်ညွှန်မှူးတို့၊ ဦးစီး အရာရှိတို့၊ အဲ့ဒီလိုမျိုးတွေ ခန့်လိုက်တော့ ရှိနေတဲ့ဆရာဝန်တွေက အများကြီးနစ်နာတာပေါ့။ ဘာလို့ဆို သူတို့မှာ ဒီလိုရာထူးရဖို့အတွက်ကို နှစ်ချီပြီးတော့ ဖြတ်သန်းရတာ။ ကျွန်တော်တောင် ၃၆ နှစ်လောက် လုပ် သက်ရမှ တိုင်းအဆင့်နဲ့ ပင်စင်ယူခဲ့ရတာ။ ဒါမျိုးက မဖြစ်သင့်ပါ ဘူး’’ဟု အငြိမ်းစားဆေးရုံအုပ်ကြီး တစ်ဦးက ဝေဖန်သည်။

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် လေဒီဂါဂါ

အမေရိကန်အဆိုတော် လေဒီဂါဂါသည် အမေရိကန် FX ရုပ်သံလိုင်း၏ American Horror Story: Hotel သည်းထိတ်ရင်ဖိုဒရာမာ ဇာတ်လမ်းတွဲ၌ ဟိုတယ်ပိုင်ရှင်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု ဇာတ်လမ်းတွဲဖန်တီးသူ ရိုင်ယန်မာဖီက သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။

ရေဘေးသင့် မိသားစုများအတွက် ကျန်းမာရေးသုံး ပစ္စည်းများ ဖြန့်ဝေမည်

ကယ်ဆယ်ရေးစခန်းများ ရှိ ရေဘေးသင့် မိသားစုများအ တွက် ကျန်းမာရေးသုံး ပစ္စည်းများကို တစ်ပတ်စာ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတင်းရရှိ သည်။
အဆိုပါ တစ်ပတ်စာ မိသား စုအသုံးအဆောင်ပစ္စည်းများကို မိသားစုဦးရေ တစ်သောင်းစာအ တွက် ထုတ်လုပ်သွားမည်ဖြစ်ပြီး အရေးတကြီး လိုအပ်လျက်ရှိ သည့် ရေဘေးသင့်ဒေသများသို့ ဦးစားပေး ဝေငှသွားမည်ဖြစ် သည်။

ဝေဖန်သုံးသပ်မှုနှင့် လွတ်လပ်သော အသံများကို ကြောက်ရွံ့နေမှု စဉ်းစားဆင်ခြင်ရန် မြန်မာအစိုးရအား ရန်ဟီးလီအကြံပြုပြောကြား

ဝေဖန်သုံးသပ်သောအသံ များနှင့် အမှီအခိုကင်း၍ လွတ် လပ်သောအသံများအပေါ် ကြောက်ရွံ့မှုကို ပြန်စဉ်းစားဆင် ခြင်ပါဟု မြန်မာအစိုးရအား အဓိ ကအကြံပြုလိုကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စရန်ဟီးလီက ငါးရက် တာ ခရီးစဉ်အပြီး မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခါနီးတွင် သ တင်းထောက်များအား ပြောကြား ခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် ပုသိမ်-ကြံခင်းရထား ခရီးတိုသာ ပြေးဆွဲနိုင်

ဧရာဝတီတိုင်းတွင် ရေ ကြီးရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော ကြောင့် ပုသိမ်-ကြံခင်း ရထား လမ်းပေါ် ရေကျော်နေ၍ လမ်း ကြောင်းပြည့်မပြေးဆွဲနိုင်ဘဲ ခရီး တိုသာပြေးဆွဲနေရကြောင်း မြန် မာ့မီးရထားမှ သတင်းရရှိသည်။

ပုသိမ်-ကြံခင်း ရထားခရီး စဉ်အတွင်း ဒါးကဘူတာနှင့်ဂုံမင်း ဘူတာကြားတွင် ရထားလမ်းရေ ကျော်မှု ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါ လမ်းပိုင်းတစ်ခုလုံး၏ လမ်းကြောင်းပြည့်ရထားပြေးဆွဲ မှုကို သြဂုတ် ၆ ရက်က ရပ်နားခဲ့ပြီး ခရီးတိုပြေးဆွဲမှုများ စတင်ဆောင်ရွက်ခဲ့သည်။

ပြေးဆွဲနေသော ခရီးတိုများ မှာ ကြံခင်းဘူတာမှ ဟင်္သာတဘူ တာအထိ အသွားအပြန်အမြန်ရ ထားတစ်စီးနှင့် ကြံခင်း ဘူတာမှ အသုတ်ဘူတာအထိ အသွားအပြန် စာပို့ရထားတစ်စီးပြေးဆွဲပေး နေသည်။

ပနားမားတူးမြောင်းတွင် ဖြတ်သန်းမည့် သင်္ဘောများ ကုန်ပစ္စည်းကန့်သတ်

အယ်လ်နီညိုဖြစ်နေသော ရာသီဥတုအခြေအနေကြောင့် မိုးခေါင်ရေရှားဖြစ်ပေါ်နေသဖြင့် ပနားမားတူးမြောင်းကို ဖြတ်သန်းမည့် သင်္ဘောများ၏ ကုန်ပစ္စည်းပမာဏအား ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း ပနားမားအာဏာပိုင်များက ပြောကြားသည်။

 ရေထဲနစ်နေသည့် သင်္ဘောကိုယ်ထည်အမြင့်ကို စက်တင်ဘာ၈ ရက်မှစ၍ ၁၁ ဒသမ ၈၉ မီတာ (၃၉ ပေ)အများဆုံးသတ်မှတ်သွားမည်ဟု ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသောကြောင့် အတ္တလန်တစ်နှင့် ပစိဖိတ်သမုဒ္ဒရာသို့ ဆက်သွယ်ထားသည့် ပနားမားတူးမြောင်းကို ပုံမှန်ဖြတ်သန်းသွားလာနေသော သင်္ဘောများ၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်းထိခိုက်မည်ဖြစ်သည်။

ဘရာဇီးတွင် ရေထုညစ်ညမ်းမှု ဆန့်ကျင်သူ များ ဂွါနာဘာရာပင်လယ်အော်တွင် ဆန့်ကျင်ဆန္ဒပြ

ဘရာဇီးနိုင်ငံတွင် လာမည့်နှစ် အိုလံပစ်ရွက်လှေပြိုင်ပွဲများ ကျင်းပမည့် ရီယိုဒီဂျနေးရိုးမြို့ရှိ ညစ်ပတ်နေသော ဂွါနာဘာရာပင်လယ်အော်၌ ဖြစ် ပေါ်နေသည့် ရေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် အာဏာပိုင်များ ပျက်ကွယ်မှုအပေါ် ဆန့်ကျင်သူများက ရွက်လှေများ၊ ငါးဖမ်းလှေ များဖြင့် ဆန္ဒပြခဲ့ကြသည်။
 ရွက်လှေများ၊ ငါးဖမ်းလှေများ၊ ကနူးလှေများအပါအ၀င် လှေပေါင်း ၃၀ ကျော်တို့ဖြင့် ဆန္ဒပြသူများက မရီနာဒီဂလိုရီယာ ဆိပ်ကမ်းမှ ထွက်ခွာလာကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
   

ဘူးသီးတောင်၊ မောင်တော ရေဘေးသင့် ဒုက္ခသည်များ အကူအညီ အမြန်ဆုံးလိုအပ်နေ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ရေကြီးမှုဒဏ်ကြောင့် ဒုက္ခရောက်နေကြသော ဒေသခံ များမှာ အစိုးရအပါအင် ကယ်ဆယ်ရေး အဖွဲ့အစည်းများ လာရောက်ကူညီခြင်းမရှိ၍ ယခုအကူအညီများ အမြန်ဆုံးလိုအပ်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက “ကယ်ဆယ်ရေးကတော့ အဖွဲ့အငယ်လောက်ပဲ ရောက်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့လေမုန် တိုင်းကြောင်းနဲ့ ရေကြီးမှုမှာ ပါသွားတဲ့ ရိက္ခာ၊ ပြီးတော့ လယ်သမားတွေမှာလည်း စပါးတွေ၊ ဆန်တွေ၊ လယ်ယာမြေတွေ ဆုံးရှုံးသွားတော့ လာရောက်အကူအညီပေးတာကလည်း နည်းပါတယ်။

ဘင်္ဂလားဒေ့ရှ်က မြန်မာရေဘေးအတွက် ကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထား

မြန်မာရေဘေးသင့်သူများအား ကူညီထောက်ပံ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း တတပ်တအား ပါဝင်ကာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထားထားသည်ဟု သိရသည်။
မြန်မာနိုင်ငံက ရေဘေးသင့်သူများအတွက် လုပ်ဆောင်ဆဲ ကယ်ဆယ်ရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများအား ထောက်ပံ့မှုကို တိုးချဲ့ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကန်ဒေါ်လာ ၀.၈သန်းကို လျာထားသတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာရေဘေးသင့် ပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်က ဆေးဝါးများ၊ အရေးပေါ်ကိရိယာများ၊ ရေသန့်စက်များ၊ တဲများနှင့် ခြုံဆောင်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ပထမအသုတ် ဆေးဝါးများကို မကြာမီ လေယာဉ်ဖြင့် တင်ပို့နိုင်မည်ဟု မျှော်လင့်ရသည်။

Facebook နှင့် Save the Children ပူးပေါင်းပြီးရေဘေး ကယ်ဆယ်ရေး အတွက်နိုင်ငံတကာမှ လှူဒါန်းနိုင်ရန်စီစဉ်

 လူမှုကွန်ရက် Facebook နှင့် Save the Children တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေး အတွက် နိုင်ငံတကာမှ ငွေကြေးထည့်ဝင် လှူဒါန်းနိုင်မည့် အစီအစဉ်ကို  သြဂုတ် ၉ ရက်တွင် စတင် လိုက်ကြောင်း Save the Children ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
လှူဒါန်းလိုသူများအနေဖြင့် www.facebook.com/myanmarfloodrelife တွင် လှူဒါန်းလိုသည့် ပမာ ဏကို Visa, Master, American Express, Discover, Paypal ကဒ်တို့မှ တဆင့် လှူဒါန်းနိုင်ပြီး လက်ခံ ရရှိသည့် ငွေပမာဏအတိုင်း Save the Children မှတဆင့် မြန်မာနိုင်ငံ ရေဘေးကယ်ဆယ် ရေးများသို့ တိုက်ရိုက်လှူဒါန်းမည် ဖြစ်သည်။

အာရပ်နိုင်ငံများသို့ ဂျာမနီ လက်နက်ရောင်းချမှုများ ၅၀ ရာခိုင်နှုန်းမြင့်တက်လာ

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများသို့ ဂျာမနီနိုင်ငံမှ လက်နက်တင်ပို့ရောင်းချမှုသည် ၂၀၁၅ ပထမနှစ်ဝက်တွင် နှစ်ဆမြင့်တက်လာခဲ့သည်။ ဂျာမန်တင့်ကားများက လက်နက်တင်သွင်း သည့်နိုင်ငံများကြား ပိုရေပန်းစားလျက်ရှိသည်။
ဂျာမနီဒုတိယဝန်ကြီးချုပ် ဆစ်ဂမာဂါဘရီယယ်က နိုင်ငံခြားတိုင်းပြည်များသို့ လက်နက်တင်ပို့ခြင်းများကို လျှော့ချမည်ဟု အစောပိုင်းက ကြေညာထားသော်လည်း ယခုလိုမြင့်တက်နေခြင်းဖြစ်ကြောင်း ဂျာမနီအပတ်စဉ်ထုတ်သတင်းစာ Der Spiegel တွင် သြဂုတ် ၈ ရက်က ဖော်ပြသည်။

အိန္ဒိယ ဂျာခန်းပြည်နယ်တွင် အမျိုးသမီး၅ဦးကို စုန်းမဟုဆိုကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်

အိန္ဒိယနိုင်ငံ ရန်ချီခရိုင်အတွင်းရှိ လူမျိုးစုကျေးရွာတစ်ရွာတွင် အမျိုးသမီး ၅ဦးကို စုန်းအတတ်ဖြင့် ပြုစားသည်ဟုဆိုကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခဲ့သောကြောင့် ရဲက သတ်ဖြတ်မှုနှင့် ဆက်နွှယ်နေသည့် ရွာသား၂၇ဦးကို ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။
အသက်၃၂နှစ်မှ အသက်၅၀ကြား အမျိုးသမီးများကို ကင်ဂျီအာကျေးရွာ၌ လွန်ခဲ့သောည သန်းခေါင်ယံအချိန်တွင် ရွာသားများက တုတ်များဖြင့် အသေရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲလက်ထောက် စစ်ဆေးရေးမှူးချုပ် အာရွန် ကူးမားက ပြောကြားခဲ့သည်။  ထို့နောက် ရုပ်အလောင်းများကို အိတ်များအတွင်းထည့်ကာ ရွာပြင်သို့ လွှင့်ပစ်ခဲ့ကြသည်ဟု ဆိုသည်။

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခက်အခဲများ

မိမိတို့နိုင်ငံ၏ သမိုင်းတွင် မည်သည့်အခါကမျှ မကြုံဘူးသည့် ရေကြီးရေလျှံမှု ဘေးဥပါဒ် အန္တ ရာယ်ကြီးကို လွန်ခဲ့သည့် ဆယ်ရက်ကျော်ကတည်းက နေရာအနှံ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ မိ မိ တို့တိုင်းပြည် တိုင်းနှင့်ပြည်နယ်ကြီး ၁၄ ခု ရှိသည့်အနက် ၁၁ ခု မှာ ရေဘေးသင့် ဒေသများ ဖြစ်ခဲ့ ကြရသည်။
နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် သဘာဝ ဘေးဥပါဒ် အန္တရယ်ကျရောက် နေသော ဒေသများအဖြစ် ပြည်နယ်နှင့်တိုင်း ၄ ခုကို ထုတ်ပြန် ကြေညာခဲ့ရသည်။
ရေဘေး ဘာ့ကြောင့် ကြီးလာခဲ့ရသနည်းဆိုသည့် ကောက်ချက်များက အမျိုးမျိုးအစားစား ကွဲပြားလျက်ရှိသည်။ တသံတည်းထွက်သည့် အဖြေတစ်ခုရဖို့ ဆိုသည်မှာလည်း လွယ်ကူသည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ တိုင်းပြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ် ကတည်းက ပွင့်လင်းမြင်သာသည့် တိုင်းပြည်မဟုတ်ခဲ့သည့်အတွက် ရှင်းလင်းတိကျသည့် ကောက်ချက်များ ချဖို့ဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။