Monday 10 August 2015

တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ ဆိုဒီလောတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်ပြီး ၁၇ ဦးထက်မနည်း သေဆုံး

ဆိုဒီလော တိုင်ဖွန်းမုန်တိုင်း တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ ဝင်ရောက် တိုက်ခတ်သွားရာ လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၅ ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ဩဂုတ် ၉ ရက်က ရှီကျန်း ဒေသတွင် မုန်တိုင်း ဝင်ရောက်မှုကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရ သတင်းဌာနများက ဖော်ပြခဲ့သည်။ ဝမ်ဇူးမြို့ တစ်မြို့တည်းတွင် အသေအပျောက် ၁၃ ဦးရှိပြီး လူ ၄ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ ကျန်သေဆုံးသူ ၄ ဦးမှာ အနီးရှိ လီရှူအီမြို့မှ ဖြစ်သည်။
သေဆုံးသူ အားလုံးသည် မုန်တိုင်းကြောင့် ဖြစ်ပေါ်သည့် နေအိမ်ပြိုကျမှုနှင့် မြေပြိုမှုများအတွင်း ပိမိခြင်း၊ ရေလှိုင်းများနှင့်အတူ လွင့်စင် မျောပါသွားခြင်းတို့ကြောင့် အသက်ဆုံးရှုံးရခြင်းဟုလည်း သိရသည်။ မုန်တိုင်း၏ အရှိန်ကြောင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ဒေသအချို့တွင် နှစ်ရက်ခွဲမျှ အချိန်အတွင်း မိုးရေချိန် ၂၇ လက်မထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ယင်းသည် နှစ်ပေါင်း ၁၂၀ အတွင်း အမြင့်ဆုံး မိုးရေချိန်လည်း ဖြစ်သည်။
ရှီကျန်းတွင် ဒေသခံ ၁၈၈၀၀၀ ကျော်ကို မုန်တိုင်းမတိုက်ခတ်မီ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး အိမ်ခြေ ၂၀၀ မျှ ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက ယခုသဘာဝ ဘေးဆိုးကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏသည် ဒေါ်လာသန်း ၆၀၀ အထက်ထိ ရှိမည်ဟု ခန့်မှန်းထားသည်။
ဆိုဒီလော မုန်တိုင်းသည် ဩဂုတ် ၈ ရက် ညပိုင်းတွင် တရုတ်နိုင်ငံသို့ စတင်၍ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းမုန်တိုင်းသည် ဖူဂျီအန်းကို ဖြတ်ကျော်ကာ ထိုမှတစ်ဆင့် ရှီဂျီအန်း၊ ယန်ဇီးနှင့် အန်ဟွိုင် ဒေသများကို ဆက်လက် ဖြတ်သန်းသွားခဲ့သည်။
ဆိုဒီလော တိုင်ဖွန်းသည် တရုတ်ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ထိုင်ဝမ်ကိုလည်း ဖြတ်သန်းတိုက်ခတ်သွားခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၄၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

_Ref: LA Times

No comments:

Post a Comment