Sunday 9 August 2015

တပ်မတော်အရာရှိအချို့ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းခန့်အပ်မှုအပေါ် ဝေဖန်မှုများရှိနေ

တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ခန့်ထားခြင်းအပေါ် ဆရာဝန်လောက အတွင်း ဝေဖန် ပြောဆိုမှုများ  မြင့်တက်နေ ကြောင်း သတင်းရရှိသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ရှစ်ဦးအား ကျန်းမာရေးဝန် ကြီးဌာနရှိ ကုသရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရန် ဇူလိုင် ၂၈ နှင့် ၃၀ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ ကျန်းမာရေးဝန် ကြီးဌာန၊ ကုသရေးဦးစီး ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခန့်အပ်ခဲ့သည်။ ထိုသို့ခန့်ထားမှုအပေါ် ယခုရက်ပိုင်းအတွင်း ဝေဖန်မှု များ မြင့်တက်လာခြင်းဖြစ်သည်။
‘‘ဗိုလ်မှူးအဆင့်တို့၊ ဗိုလ်ကြီးအဆင့်တို့လောက်ဆို ဒီဘက်ပြောင်းလာရင် လက်ထောက်ညွှန်မှူးတို့၊ ဦးစီး အရာရှိတို့၊ အဲ့ဒီလိုမျိုးတွေ ခန့်လိုက်တော့ ရှိနေတဲ့ဆရာဝန်တွေက အများကြီးနစ်နာတာပေါ့။ ဘာလို့ဆို သူတို့မှာ ဒီလိုရာထူးရဖို့အတွက်ကို နှစ်ချီပြီးတော့ ဖြတ်သန်းရတာ။ ကျွန်တော်တောင် ၃၆ နှစ်လောက် လုပ် သက်ရမှ တိုင်းအဆင့်နဲ့ ပင်စင်ယူခဲ့ရတာ။ ဒါမျိုးက မဖြစ်သင့်ပါ ဘူး’’ဟု အငြိမ်းစားဆေးရုံအုပ်ကြီး တစ်ဦးက ဝေဖန်သည်။

အဆိုပါအမိန့်ကြော်ငြာစာထဲတွင် ဒုဗိုလ်မှူးကြီး ရာထူးဖြင့် ပြောင်းရွှေ့လာသူများသည် ကုသရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးအပိုင်း၌ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့်လည်းကောင်း၊ ဗိုလ်မှူးရာထူးဖြင့် ပြောင်းရွှေ့လာ သူများသည် အုပ်ချုပ်ရေးအပိုင်း၌ လက် ထောက်ညွှန်ကြားရေးမှူးရာထူး ဖြင့်လည်းကောင်း၊ ဗိုလ်ကြီးရာ ထူးဖြင့် ပြောင်းရွှေ့လာသူများသည် ဦးစီးအရာရှိရာထူးသို့လည်းကောင်း အသီးသီးခန့်အပ်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြထားသည်။
ယင်းသို့ အရပ်ဖက်ကုသရေးဦးစီးဌာနသို့ ပြောင်းရွှေ့လာသည့် တပ်မတော်အရာရှိကြီးငါးဦးအနက် ဆေးပညာဘွဲ့မဟုတ်သည့် ရိုးရိုးသိပ္ပံဘွဲ့ရ ဒုတိယဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်မှူးတစ်ဦးတို့ ပါဝင်လာခြင်းအပေါ် အရပ်ဖက်ကုသရေးဆေးပညာအသိုင်းအ၀ိုင်းက ကန့်ကွက်မှုများ ရှိနေခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦးအနက်  ဒုတိယဗိုလ်မှူးကြီး ခင်မောင်သန်းမှာ နေပြည်တော်ကုသရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးသို့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရသည်။
ကျန်တစ်ဦးဖြစ်သည့် ဗိုလ်မှူးဇော်မိုးမြင့်မှာ ယခင်သမ္မတအိမ်တော်၏ အထူးတပ်ဖွဲ့မှဖြစ်ပြီး ၄င်းတို့နှစ်ဦး လုံးမှာ အရပ်သားများအနေဖြင့် သတ်မှတ်ထားသည့်နှစ်ကာလအတိုင်း တာဝန်ထမ်းဆောင်ပြီးမှသာ သို့မဟုတ် ရာထူးလစ်လပ်မှုရှိမှသာ ရရှိနိုင်သည့် ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးတို့ကို တပ်ဘက်မှ အရပ်ဘက်သို့ တိုက်ရိုက် ပြောင်းလဲ ခန့်အပ်ခြင်းခံရသူလည်းဖြစ်သည်။
ကျန်တပ်မတော်အရာရှိဆရာဝန်ကြိးသုံးဦးအနက် နေပြည်တော် ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ် မှ ပထမတန်းပါရဂူ ဗိုလ်မှူးရန်နောင်ထွန်းမှာ နေပြည်တော်ကုသရေး ဦးစီးဌာနသို့ လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရပြီး ကျန်ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်ဆရာဝန်နှစ်ဦးမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်အထူးကုဆရာဝန်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်းခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့် ကြေငြာစာတွင် ဖော်ပြချက်အရ သိရသည်။
ထိုကဲ့သို့ ကာကွယ်ရေးဘက်မှ ပြောင်းလာသည့်အတွက် ဆေးပညာဆိုင်ရာ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အ ခက်အခဲများရှိနိုင်ကြောင်း အစိုးရ ဝန်ထမ်းဆရာဝန် တစ်ဦးက သုံး သပ်ပြောကြားသည်။
‘‘အရင်ကတော့ အဲဒီလိုမျိုး တစ်ဦးစ၊နှစ်ဦးစ ရှိခဲ့တယ်။ ဒါပေမဲ့ တာဝန်လည်း ထမ်းဆောင်ရော သူတို့နိုင်တဲ့ အပိုင်းတွေ မဟုတ်တော့ ကမောက်ကမတွေ ဖြစ်တာမျိုးတွေ ရှိခဲ့တယ်။ ဘာလို့လဲဆိုရင် သူတို့က စစ်တပ်မှာပဲ တာဝန်ထမ်းဆောင်ဖူးတော့ အတွေ့အကြုံမရှိဘူး။ ဒီလိုအသွင်ပြောင်းပြီး ရောက်လာတော့ အခက်အခဲတွေ ရှိနိုင်တယ်’’ဟု ၎င်းကမှတ်ချက်ပြုသည်။ ထို့ပြင် တပ်မတော်မှ အရာရှိများ ကျန်းမာရေး ဦးစီးဌာနသို့ ပြောင်းရွှေ့ အမှုထမ်းခဲ့သည့် အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ရေးသားထားသည့်စာများ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် သြဂုတ် ၇ ရက် က ပျံ့နှံ့လျက်ရှိသည်။
7 day

No comments:

Post a Comment