Monday 10 August 2015

နယ်နိမိတ်ဇုန်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲခြင်းသည် မြောက်ကိုရီးယား လက်ချက်ဟု တောင်ကိုရီးယားစွပ်စွဲ

နှစ်နိုင်ငံကြား ပိုင်းခြားသတ်မှတ်ထားသည့် စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဖြစ်ကြောင်း တောင်ကိုရီးယားက စွပ်စွဲ ပြောကြားလိုက်သည်။
အစောပိုင်းက တောင်ကိုရီးယားသည် ယခုဖြစ်ရပ်တွင် မြောက်ကိုရီးယား၏ စနက် ပါဝင်ဖွယ် မရှိဟု မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ဩဂုတ် ၁၀ ရက်တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းသည် တောင်ကိုရီးယား စစ်သည်များကို ထိခိုက်သေကြေစေရန် မြောက်ကိုရီးယားဘက်က ရည်ရွယ်ချက်ရှိရှိ ဆင်ထားသော မြေမြှုပ်မိုင်းများကြောင့်ဟု ဖော်ပြထားသည်။ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော ပေါက်ကွဲမှုတွင် တောင်ကိုရီးယား စစ်သားတစ်ဦးမှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ပြီး အခြားတစ်ဦးမှာလည်း ခြေတစ်ဖက် ဖြတ်လိုက်ရသည်။ အဆိုပါ မြေမြှုပ်မိုင်းကို မြောက်ကိုရီးယား စစ်သားများက ထောင်ထားခြင်းဖြစ်ပြီး ယင်းအတွက် အညှာအတာမရှိ တုံ့ပြန်မှုမျိုး ကြုံသွားနိုင်ကြောင်း တောင်ကိုရီးယား အစိုးရက သတိပေးလိုက်သည်။
နှစ်ဖက်စလုံးက အစောင့်အကြပ် ထူထပ်စွာ ချထားသည့် နယ်နိမိတ် စည်းမျဉ်းတစ်လျှောက်တွင် မြောက်ကိုရီးယားတို့က တောင်ကိုရီးယားဘက် အပိုင်းအခြားနှင့် နီးနီးစပ်စပ် လာရောက်ပြီး မြေမြှုပ်မိုင်း သုံးလုံး ထောင်ထားခဲ့ကြောင်း တောင်ကိုရီးယားက စွပ်စွဲခဲ့သည်။
“ဒါဟာ ကိုရီးယား နှစ်နိုင်ငံကြား ရန်လိုတိုက်ခိုက်မှု မပြုဘဲ နေထိုင်မယ်ဆိုတဲ့ အခြေခံ သဘောတူညီချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာပါပဲ။ အရင်ကတည်းက သတိပေးဖူးပြီးသား ဖြစ်ပါတယ်။ ဒီလို ရန်စမှုမျိုးတွေအတွက် မြောက်ကိုရီးယားဟာ အညှာအတာမဲ့ ဒဏ်ခတ်မှုကို ကြုံရမှာဖြစ်ပြီး ထိုက်တန်တဲ့ အခြေအနေမျိုး ပေးဆပ်ရပါလိမ့်မယ်”ဟု တောင်ကိုရီးယား ပူးပေါင်းစစ်ရေးချုပ် ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားသွားသည်။
စစ်မဲ့ဇုန်တွင် ကင်းလှည့်နေသည့် တောင်ကိုရီးယား စစ်သည်နှစ်ဦးသည် ဩဂုတ် ၄ ရက်က မိုင်းနင်းမိပြီး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်မဲ့ဇုန်သည် ၄ ကီလိုမီတာ ကျယ်ပြန့်ပြီး ကမ္ဘာပေါ်တွင် အစောင့်အကြပ် အထူထပ်ဆုံး နယ်နိမိတ် နေရာအဖြစ်လည်း သတ်မှတ်ခံထားရသည်။
_Ref: Fox

No comments:

Post a Comment