Sunday 9 August 2015

ပနားမားတူးမြောင်းတွင် ဖြတ်သန်းမည့် သင်္ဘောများ ကုန်ပစ္စည်းကန့်သတ်

အယ်လ်နီညိုဖြစ်နေသော ရာသီဥတုအခြေအနေကြောင့် မိုးခေါင်ရေရှားဖြစ်ပေါ်နေသဖြင့် ပနားမားတူးမြောင်းကို ဖြတ်သန်းမည့် သင်္ဘောများ၏ ကုန်ပစ္စည်းပမာဏအား ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း ပနားမားအာဏာပိုင်များက ပြောကြားသည်။

 ရေထဲနစ်နေသည့် သင်္ဘောကိုယ်ထည်အမြင့်ကို စက်တင်ဘာ၈ ရက်မှစ၍ ၁၁ ဒသမ ၈၉ မီတာ (၃၉ ပေ)အများဆုံးသတ်မှတ်သွားမည်ဟု ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသောကြောင့် အတ္တလန်တစ်နှင့် ပစိဖိတ်သမုဒ္ဒရာသို့ ဆက်သွယ်ထားသည့် ပနားမားတူးမြောင်းကို ပုံမှန်ဖြတ်သန်းသွားလာနေသော သင်္ဘောများ၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်းထိခိုက်မည်ဖြစ်သည်။

   
ရေထဲတွင် နစ်နေသော သင်္ဘောကိုယ်ထည်အမြင့်မှာ သင်္ဘောပေါ်၌ တင်လာသော ကုန်ပစ္စည်းအလေးချိန်အလိုက်အပြောင်းအလဲရှိသည်။ အကယ်၍ ရာသီဥတုအခြေအနေမပြောင်းလဲပါက စက်တင်ဘာ ၁၆ ရက်တွင် ထပ်မံထိန်းချုပ်မှုများ ပြုလုပ်သွားနိုင်သည်ဟု တူးမြောင်းအရာရှိများက ပြောသည်။
   
အကယ်၍ ရာသီဥတုအခြေအနေမပြောင်းပါက ရေထဲနစ်နေသော သင်္ဘောကိုယ်ထည်အမြင့်ကို အများဆုံး ၁၁ ဒသမ ၇၃ မီတာအထိ လျော့ချသတ်မှတ်သွားမည်ဖြစ်သည်။
   
ဇွန်နှင့် ဇူလိုင်လပထမဆုံးနှစ်ပတ်သည် နှစ်ပေါင်း (၁၀၂) နှစ်အတွင်း ခြောက်သွေ့ဆုံးအချိန်ကာလဖြစ်သည်ဟု ပနားမားတူးမြောင်းစီမံခန့်ခွဲရေးမှူး ဂျော့ခ်ျကွီယာနိုက ပြောသည်။
   
ရာသီဥတုခြောက်သွေ့မှုကြောင့် ပနားမားတူးမြောင်းထဲသို့ ရေပို့လွှတ်သည့် ရေကန်များ တွင် ရေပမာဏကျဆင်းသွားခဲ့သည်။
   
ပနားမားတူးမြောင်းတွင် ပုံမှန်အားဖြင့် ရေထဲနစ်နေသည့် သင်္ဘောကိုယ်ထည်အမြင့် ၁၂ မီတာအထိ လက်ခံနိုင်သည်။
   
၁၉၉၈ မတ်လက ရာသီဥတုခြောက်သွေ့မှုများကြောင့် ပနားမားတူးမြောင်းတွင် အလားတူကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ရသည်။

—Ref:AFP

No comments:

Post a Comment