Friday 12 June 2015

ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာမှ ဒေသခံများ ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ဝင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာမှ ဒေသခံ ၁၀၀ ကျော်တို့သည် လယ်ယာ မြေဧက ၃၀၀ ကျော် ပြန်လည်ရရှိရေးအတွက် ဇွန် ၂၀ ရက်တွင် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ဝင်သွားမည်ဟု အဆိုပါ ဒေသခံများက ပြောသည်။
အဆိုပါ လယ်ယာမြေ ၃၀၀ ကျော်ကို ၁၉၉၂ ခုနှစ်တွင် တပ်မ ၃၃ က လျော်ကြေး နစ်နာကြေး မပေးဘဲ သိမ်းယူခဲ့ခြင်းဖြစ်ကာ သိမ်းခံရသူ တောင်သူများက စစ်တပ်မှ မစိုက်ပျိုးဘဲထားသည့် စိုက်ပျိုး မြေလွတ်များကို ဝင်ရောက်စိုက်ပျိုးခွင့်ပြုရန် သက်ဆိုင်ရာ အဆင့်ဆင့်သို့ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ၂၀၁၄ ခုနှစ်အထိ အကြိမ်ပေါင်း ၅၀ ကျော် တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်း မထူးသောကြောင့် ထွန်တုံးတိုက်ပွဲဝင်ရခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ ကလည်း ပထမအကြိမ် ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထွန်တုံးတိုက်ပွဲ ဝင်မည့်သူများတွင် ပါဝင်သူ မခင်ဌေးမြင့်က “မြေကို သိမ်းပြီး ဘာမှမလုပ် ဘာမှ မစိုက်ဘဲထားလို့ စိုက်ခွင့်တောင်းတာကို မပေးဘူး။ သက်သက်မဲ့ ကျွန်မတို့ ဘဝတွေကို လမ်းဘေးရောက် အောင် လုပ်နေတယ်။ ဒါကြောင့် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲဝင်ဖို့ စီစဉ်တာပဲ" ဟု ပြောသည်။
မြေမွန်ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး အဆိုပါ လယ်ယာမြေများကို မှီခိုစိုက်ပျိုး လုပ်ကိုင် စားသောက်ရသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ ထွန်တုံးတိုက်ပွဲကို Facilitators Network with FNIFL (အထက်မြန်မာပြည်) အဖွဲ့က ကူညီဆောင်ရွက် ပေးသွားမည်ဟုလည်း ထိုအဖွဲ့က ပြောသည်။
အဆိုပါ အဖွဲ့၏ တာဝန်ခံ ဦးတိုးကြီးက “ကျွန်တော်တို့က ဝင်ပြီးထွန်မှာ မဟုတ်ပါဘူး။ ဒေသခံတွေ လိုအပ်တာကို ကူညီပေးသွားမယ်။ ဒေသခံတွေ မြေပြန်ရတဲ့ ထိပေါ့။ ကျွန်တော်တို့ ကွင်းဆင်းကြည့်ပြီး သွားပြီ။ ဘာမှမလုပ်ဘဲ သိမ်းထားတာပါ။ ဘာမှ မလုပ်ရင် စွန့်လွှတ်ပေးရမယ်လို့ ပြောထားပေမယ့် ဒီနေ့အချိန်ထိ မြေတွေကို ဖက်တွယ်နေကြတုန်းပဲ။ မြေသိမ်းသူတွေ အနေနဲ့ ပြည်သူ့မျက်နှာကို ကြည့်စေချင်တယ်” ဟု ပြောသည်။
လယ်ယာမြေ သိမ်းဆည်းထားသော တပ်မ ၃၃ မှ စိုက်ကွင်းများ တာဝန်ခံ အမည် မဖော်လိုသူ ဗိုလ်ကြီးတစ်ဦးက “အဲဒီမြေတွေက စွန့်လွှတ်လို့ မရပါဘူး။ ကျွန်တော်တို့တပ် သက်သာချောင်ချိရေး အတွက်ပါ။ အဲဒီမြေတွေ မရှိရင် မရပါဘူး။ ဒါကိုလည်း တပ်ရင်းမှူး ကိုယ်တိုင် မြေမွန်ကို သွားပြီး ရှင်းပြပြီးသားပါ” ဟု ပြောသည်။
ဒေသခံများက ထွန်တုံးတိုက်ပွဲဝင်ပြီး စိုက်ပျိုးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကာ အဆိုပါ လယ်ယာမြေများပေါ်တွင် ဒေသခံများက လယ်စောင့်တဲများဆောက်၍ အလှည့်ကျ စောင့်သွားမည့် အပြင် သက်ဆိုင်ရာက တားဆီးမှုများ လုပ်ပါကလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ဒေသခံများက ဆိုသည်။
mizzima

No comments:

Post a Comment