Friday 12 June 2015

ကချင်စစ်ပွဲ (၄) နှစ်ပြည့်အပေါ် အမှန်အတိုင်း ရှုမြင်သုံးသပ်ခြင်း

စစ်ပွဲဆိုတာ တစ်စုံတစ်ခုသော အကြောင်းတရားကို အခြေခံပြီး မပြေလည်မှုကြောင့် ဖြစ်လာရတဲ့ ပဋိပက္ခလို့ဆိုနိုင်ပါတယ်။ တစ်ဖက်ဖက်ကတော့ အမှားတစ်ခု သို့တည်းမဟုတ် အများကလက်မခံနိုင်တဲ့ ၀ါဒတစ်ခုကို ကျူးလွန်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဆိုလိုချင်တာက တစ်ဖက်ကတော့ လုံးလုံးကြီး လွဲမှားတဲ့ အရာတစ်ခုကို ကိုင်စွဲထားလို့သာ စစ်ပွဲဖြစ် ရတာပါ။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို ကြည့်ရင် အဲဒီလို အကြောင်းအရာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကြည့်ရအောင်ပါ။

မနေ့က ကချင်စစ်ပွဲ ၄ နှစ်ပြည့် အခမ်းအနားလုပ်တာတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ အခု ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ယနေ့အချိန်ထိအောင် တိုက်ပွဲတွေ ဖြစ်နေဆဲပါပဲ။ ဒီအခမ်းအနားကနေတစ်ဆင့် စစ်ပွဲတွေချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကျိုးတရား တွေပေါ်ထွက်လာအောင် လုပ်သင့်တာ ဖြစ်ပါတယ်။
စစ်ပွဲဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းတရားတွေကို အမှန်အတိုင်း ရှုမြင်ပြီး မျှတတဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ အကြံပြုရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးရဖို့ ဘယ်လိုနည်းလမ်း ရှာရမလဲဆိုတဲ့ အပြုသဘောဆောင်တဲ့ အဖြေမျိုးကို ပေးကြရမှာ ဖြစ်ပါတယ်။
ဒီတော့ ကချင်ပြည်စစ်ပွဲဟာ ဘယ်သူနဲ့ ဘယ်သူဖြစ်တာလဲ အရင်ဆုံးကြည့်ရအောင်ပါ။ အစိုးရ တပ်မတော်နဲ့ KIA အဖွဲ့တို့ ဖြစ်ကြတာပါ။ ဘာ့ကြောင့် ဖြစ်တာလဲ။ လွန်ခဲ့တဲ့ ၄ နှစ်က အဖြစ်အပျက်ကို ပြန်သွားကြရအောင်ပါ။ အရပ်သားအစိုးရ တက်လာချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်ဆိုတဲ့ မူဝါဒရှိပါတယ်။ ဒါ့ကြောင့် KIA ကိုလည်း တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာထားဖို့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါကို KIA က လက်မခံပါဘူး။
လက်မခံနိုင်ရင်လည်း အစိုးရနဲ့ အေးအေးဆေးဆေး ညှိနှိုင်းလို့ ရပါတယ်။ ဒါပေမယ့် KIA က ၁၇ နှစ်ကြာအပစ်ရပ်ခဲ့တဲ့ သဘောတူညီမှုကို ဖောက်ဖျက်တဲ့ အတွက် တစ်နည်းအားဖြင့် တောပြန်ခိုသွားတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။ အစိုးရတပ်မတော်ဘက်က နိုင်ငံတော်ရဲ့ မူဝါဒတွေအတိုင်း ညှိနှိုင်းခဲ့ပေမယ့် KIA က လက်နက်ကိုင်တောခိုပြီး ပြန်လည်ပုန်ကန်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်လာတာဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဒီကချင်စစ်ပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားပြုလုပ်တာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ (BURMAPARTNERSHIP-BP ) အဖွဲ့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International – AI) တို့က ထုတ်ပြန်ကြေညာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ စစ်ပွဲကို ရပ်တန့်စေချင်တဲ့အတွက် တောင်းဆိုကြတာ ဖြစ်ပေမယ့် မျှတစွာ ရေးသားတောင်းဆိုဖို့တော့ လိုပါတယ်။ ဒါ့ကြောင့် အဲဒီအဖွဲ့တွေရဲ့ တချို့စွပ်စွဲဖော်ပြမှုတွေကို တကယ် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အမှန်တွေနဲ့ နှိုင်းယှဉ်ဖော်ပြသွားလိုပါတယ်။
မြန်မာအရေးပူးပေါင်းဆောင်ရွက်သူများ (BP) အဖွဲ့ဝင် ၅၆ ဖွဲ့က ကချင်ပြည်နယ်မှ တစ်ကျော့ပြန် စစ်ပွဲရဲ့ (၄) နှစ်မြောက် နှစ်ပတ်လည်ကို မှတ်သားနေချိန်မှာ မြန်မာစစ်တပ်က ၎င်းရဲ့အင်အားစုများအား တိုင်းရင်းသားတို့ အုပ်ချုပ်တဲ့ နယ်မြေများ အတွင်း ထိုးသွင်းကစားခြင်းဖြင့် စစ်တပ်လွှမ်းမိုးမှု ဆက်လက်မြှင့်တင်နေသလို မြန်မာအစိုးရကလည်း ပြည်တွင်းအိုးအိမ် စွန့်ဒုက္ခသည်များ (IDP) ထံသို့ ပြည်တွင်းပြည်ပမှ လူသားအချင်းစာနာရေးအကူချုပ်ချယ်ကန့်သတ်ပြီး အထောက်အပံ့များ အလုံအလောက် မပေးဆောင်နိုင်အောင် ဟန့်တားနေတယ်ဆိုပြီး ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
“ဒါကတော့ တစ်ဖက်သတ်အမြင်ပါ၊ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေ ဘာ့ကြောင့် ရှိနေသလဲဆိုတော့ KIA က ငြိမ်းချမ်းရေး မယူလို့ပါ၊ နောက်တစ်ချက်က ဒေသခံတွေကို အတင်းအဓမ္မ လူသစ်စု၊ ဆက်ကြေးကောက်လို့ပါ၊ မယုံရင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဆီမှာ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်၊ မန်ဝိန်းကြီးက ရှမ်းရွာ (၁၈) ရွာမှာနေတဲ့သူတွေ အသိဆုံး ပါ၊ နောက်တစ်ချက်က KIA က သစ်မှောင်ခို ဂိုဏ်းတွေနဲ့ပေါင်းပြီး သစ်ခိုးထုတ်တဲ့ကိစ္စ၊ ဒါတွေကြောင့် တိုက်ပွဲဖြစ်တာ ၊ IDP တွေဆီမသွားဖို့ အစိုးရက မတားပါဘူး၊ နယ်မြေမတည်ငြိမ်တဲ့အတွက် အာမခံချက်တော့ ဘယ်ပေးမလဲ၊ KIA က ဒုက္ခသည်စခန်းတွေကို တမင်ဖန်တီးတာ၊ အဲဒီ ဒုက္ခသည်တွေမှာ အိမ်ပိုင်ယာပိုင်ရှိပြီးသား၊ KIA က မပြန်ခိုင်းလို့ မပြန်ရဘဲ ဖြစ်နေတာ၊ ဒါတွေကိုလည်း အဲဒီ ၅၆ ဖွဲ့က ထည့်သွင်းတောင်းဆိုရမယ်လေ၊ တစ်ဆိတ်ရှိ အစိုးရကို ပုတ်ခတ်ဖို့လောက်ပဲ သိတာ ” ဟု ကချင်အရေးလေ့လာသုံးသပ်သူ အကြီးတန်းသတင်းထောက်တစ်ဦးက ဆိုပါတယ်။
AI အဖွဲ့က ဇွန် ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ ၂၀၁၅ ဇန်န၀ါရီလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ အမျိုးသမီး၂ ဦးကို အစိုးရတပ်က အဓမ္မပြုကျင့်တဲ့အဖြစ်အပျက်ကိုလည်း ရည်ညွှန်းဖော်ပြထား ပါတယ်။ ဒါကြောင့် အစိုးရတပ်ရဲ့ တပ်ရင်းမှူးအပါအ၀င် အခြားအဆင့်တာဝန်ရှိသူတွေကို တရားစွဲဆိုခွင့်ပြုဖို့ကိုလည်း AI အဖွဲ့က တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ကတော့ အဲဒီကိစ္စသူတို့နဲ့ မသက်ဆိုင်သလို ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ မရှိကြောင်း တရားဝင် တုံ့ပြန်ခဲ့တာကိုလည်း AI အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားးတာကို တွေ့ရပါတယ်။
“ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (AI) အမည်ခံပြီး အစိုးရတပ်ကို တမင်အပုတ်ချတဲ့ အာဘော်တွေ မလွတ်ကင်းတာ တွေ့ရပါတယ်၊ ပြီးတော့ ဆရာမနှစ်ယောက် အသတ်ခံရတဲ့ ဖြစ်စဉ်ကိုလည်း သေချာသိပုံမရပါဘူး၊ အစိုးရတပ်က အဲဒီရွာသွားတာမှန်တယ်၊ သူတို့ သတ်ပါတယ်ဆိုတဲ့ အထောက်အထားမရှိဘူး၊ ဒါပေမယ့် အဲဒီရွာက KIA ရဲ့ လှုပ်ရှားနယ်မြေလေ၊ KIA ရော မဖြစ်နိုင်ဘူးလား၊ ပြီးတော့ ရွာသားရော မဖြစ်နိုင်ဘူးလား၊ တရားခံအစစ်မပေါ်သေးဘဲနဲ့ အစိုးရတပ်ကပါလို့ပြောတဲ့ AI ကို ပြန်ပြီးတရားစွဲလို့ ရပါတယ်၊ အစိုးရတပ်ကလည်း အဲဒီလို မဟုတ်မမှန်ရေးသားမှုတွေကို အရေးယူမယ်ဆိုပြီ တရားဝင် ကြေညာထားတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို အမှန်မသုံးသပ်ဘဲ အစိုးရတပ်ကို စွပ်စွဲရေးသားပြီ ဆိုကတည်းက ဒါဟာ KIA ရဲ့ လုပ်ရပ်တွေကို မှန်တယ်ဆိုပြီး သွယ်ဝိုက်ပြောလိုက်တာပါပဲ၊ အဲဒီလိုသာ KIA ကို မြှောက်ပေး၊ မဟုတ်မမှန် လုပ်ကြံရေးနေသမျှ ကချင်စစ်ပွဲအဆုံးမသတ်နိုင်သေးဘူးလို့ပဲ မြင်တယ် ” ဟု နိုင်ငံရေး သုတေသီ တစ်ဦးကလည်း သုံးသပ်ပြောကြားသွားပါတယ်။
လွင်ကိုဦး
Today Myanmar

No comments:

Post a Comment