Friday 12 June 2015

ပါကစ္စတန်က Save the Children အဖွဲ့အား နိုင်ငံတွင်းမှ နှင်ထုတ်

ပါကစ္စတန်နိုင်ငံက ကလေးငယ်များ ကူညီပေးရေးအဖွဲ့ဖြစ်သည့် Save the Children အဖွဲ့ကို ပါကစ္စတန်အား ဆန့်ကျင်သည့် လုပ်ဆောင်မှုများ ပြုလုပ်နေသည်ဟုဆိုကာ နိုင်ငံတွင်းမှ ထွက်သွားရန် အမိန့်ထုတ်လိုက်သည်။အစ္စလာမ်မာဘတ်ရှိ အဖွဲ့ရုံးများကို ရဲများက ချိတ်ပိတ်လိုက်ပြီး နိုင်ငံခြားသားဝန်ထမ်းများကိုလည်း ၁၅ ရက်အတွင်း နိုင်ငံတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးထားသည်။
ပါကစ္စတန်၏ ယင်းအပြုအမူကို အပြင်းအထန်ကန့်ကွက်ကြောင်း Save the Children အဖွဲ့က ပြောသည်။
အဆိုပါလူမှုကူညီပေးရေးအဖွဲ့က အိုစမာဘင်လာဒင်အား စီအိုင်အေက ခြေရာခံလိုက်လံရာတွင် ကာကွယ်ဆေးထိုးဟန်ပြုလုပ်ကာ ဘင်လာဒင်ခြံဝန်းအတွင်း ဝင်ရောက်သည့် အစီအစဉ်၌ ပါဝင်ခဲ့သည်ဟု ဆိုသည်။

ယင်းပြောဆိုချက်ကို Save the Children အဖွဲ့က လုံးလုံးငြင်းဆန်ပြီး ကာကွယ်ဆေးထိုးအစီအစဉ်တုပြုလုပ်ရာတွင် ပါကစ္စတန်ဆရာဝန် ရှာကီအက်ဖရတ်ဒီ သို့မဟုတ် စီအိုင်အေတို့နှင့် ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ ဆရာဝန်  ရှာကီအက်ဖရတ်ဒီမှာလည်း ဘင်လာဒင်ခြံဝင်းစီးနင်းခံရပြီးနောက်မှာ စီအိုင်အေအား ကူညီခဲ့ခြင်းအတွက် ပါကစ္စတန်က ဖမ်းဆီးခဲ့သည်။

ယခုကဲ့သို့ Save the Children အား နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းနှင့် ပတ်သက်ပြီး နောက်ထပ်ရှင်းလင်းချက်များကို အစိုးရက ထုတ်ပြန်ခြင်းမရှိသေးပေ။

တာဝန်ရှိသူ တစ်ဦးကမူ "ဒီအဖွဲ့ကို စောင့်ကြည့်နေခဲ့တာ ကြာပါပြီ။ သူတို့ ပါကစ္စတန်ရဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နေခဲ့ပါတယ်” ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

Save the Children က ပါကစ္စတန်အစိုးရ၏ ယင်းအပြုအမူကို ရှုတ်ချပြီး ”အလွန်ကိုပဲ စိုးရိမ်စရာကောင်းတဲ့ အပြုအမူပါပဲ” ဟု ဆိုကာ အဖွဲ့မှ ဝန်ထမ်းများက ပါကစ္စတန်နိုင်ငံသားများသာ ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

REF : BBC

No comments:

Post a Comment