Friday 12 June 2015

မြန်မာတစ်နိုင်ငံလုံးရှိ ကျောက်မီးသွေး စက်ရုံများနှင့် ပတ်သက်၍ ဒေသခံများ စုပေါင်းဆွေးနွေး

ကျောက်မီးသွေး စက်ရုံများ၏ ဆိုးကျိုးများ သိရှိနိုင်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် မြို့နယ်များမှ ဒေသခံများက ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးလျက် ရှိသည်။
ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရှိတိုင်း၊ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်တို့မှ မြို့နယ် တစ်ဆယ့်တစ်ခုမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး မေ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ဆွေးနွေးမည် ဖြစ်သည်။

“တခြားနိုင်ငံတွေမှာ ကျောက်မီးသွေးစက်ရုံတွေကို လျှော့နိုင်သလောက် လျှော့နေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ တစ်နေရာပြီး တစ်နေရာ တည်ဆောက်ဖို့ လုပ်နေတာတွေဟာ မှန်သလား၊ မှားသလား ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု ကျောက်ဖြူ မြို့နယ်မှ တက်ရောက်လာသော ဦးထွန်းနိုင်က ဆိုသည်။
တီးတိန်မြို့၊ ကျိုင်းတုံမြို့၊ ကျောက်ဖြူမြို့၊ ရေးမြို့၊ ထားဝယ်မြို့၊ ကော့သောင်းမြို့၊ ငရုပ်ကောင်း မြို့နယ်တို့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်မီးသွေးနှင့် ပတ်သက်သော ဆိုးကျိုး ကောင်းကျိုးများကို ထိုင်းနိုင်ငံ ကျောက်မီးသွေး ပညာရှင်များက ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ကျိုင်းတုံမြို့နယ်မှ ကိုတင်ထွဋ်က “ ဒီက သိတဲ့ အချက်အလက်တွေကို အခြေခံပြီး ကိုယ့်ဒေသမှာကိုယ် ပြန်ဆွေးနွေးပြီး ကန့်ကွက်ကြမှာပေါ့ဗျ။ တစ်နေရာချင်းစီ ကန့်ကွက်နေတာထက်စာရင် အားလုံးပေါင်းပြီး လုပ်တာ ပိုအားဖြစ်တာပေါ့” ဟု ဆိုသည်။
မေလ အတွင်းက မွန်ပြည်နယ် ရေးမြို့နယ်ရှိ အံဒင်ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်ကြောင်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သေးသည်။ ထို့ပြင် ကျောက်ဖြူ မြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်စာကို ပြည်နယ်ဝန်ကြီးချုပ် ထံပေးပို့ထားသည်။
mizzima

No comments:

Post a Comment