Friday 12 June 2015

ရေလမ်း ဖြတ်သန်းခ ကောက်ခံရေး စခန်းဖွင့်ရန် မန္တလေးတွင် နေရာရွေးချယ်

ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြောင်းအတွင်း ခုတ်မောင်းသွားလာနေကြသော ရေယာဉ်များအား ရေလမ်း ဖြတ်သန်းခများကို ကောက်ခံရေးစခန်း ၁၀ ခု ဖွင့်လှစ် ကောက်ခံသွားမည်ဖြစ်ကာ မန္တလေးတွင် ဖွင့်လှစ်ရန် အတွက် နေရာရွေးချယ်နေကြောင်း ရေ လမ်းညွှန်ဌာန (အထက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်က ပြောသည်။
၎င်းက “ရေကြောင်း ဦးစီးဌာနမှာ ရေယာဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးမှတ်တမ်းတင်ထားတဲ့ ရေယာဉ် မှတ်ပုံတင် စာအုပ်ရှိတယ်။ အဲဒီမှတ်တမ်းထဲက ရေယာဉ်အလေးချိန်အတိုင်း ကောက်ခံသွားမယ်” ဟု ပြောသည်။

ထိုသို့ ရေလမ်းဖြတ်သန်းခ ကောက်ခံခြင်းများကို ပြည်မြို့တွင် ဧပြီလက စတင်ကောက်ခံခဲ့ပြီး ဒုတိယစခန်း အဖြစ် မကွေးမြို့တွင် ဇွန် ၁၀ ရက်က စတင်ကောက်ခံနေပြီဖြစ်ကာ ဟင်္သာတနင့် မုံရွာတို့တွင် မကြာမီ ဆက်လက် ဖွင့်လှစ်ကောက်ခံသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“ရရှိလာတဲ့ အခွန်ငွေကို ရေယာဉ်တွေ အဆင်ပြေချောမွေ့စွာ ခုတ်မောင်း သွားလာနိုင်ဖို့အတွက် မြစ်ချောင်းတွေ ပြုပြင်ထိန်းသိမ်းရာမှာ ပြန်လည် အသုံးပြုသွားမယ်” ဟုလည်း ဦးခင်မောင်ဇော်က ပြောဆိုသည်။
ထိုသို့ ကောက်ခံရန် နှုန်းထားများ သတ်မှတ်ထားရာ ၃၉ ပေအောက် ရေယာဉ်များကို တစ်တန်လျှင် ကျပ်၂၀၀၊ ၃၉ ပေ အထက် ရေယာဉ်များကို တန်တစ်ရာအထိ တစ်တန်လျှင် ကျပ် ၅၀ နှင့် သစ်လုံးတစ်လုံး ကျပ် ၃၀၊ မျှောတိုင် တစ်ချောင်း ငါးကျပ်၊ ရိုးရိုးဝါးတစ်လုံး နှစ်ကျပ်ခွဲ နှုန်းဖြင့် ကောက်ခံသွား မည်ဟု ထုတ်ပြန်ထားသော ကြေညာချက်အရ သိရသည်။
လက်ရှိ ကောက်ခံနေသည့် ပြည်နှင့် မကွေး ရေလမ်းဖြတ်သန်းခ အကောက်စခန်းတွင် တစ်ရက်လျှင် ရေယာဉ် အစုန်/အဆန် ပျမ်းမျှ အစီးရေ ၆၀ ဖြတ်သန်း ခုတ်မောင်းနေပြီး ဆက်လက်၍ ဧရာဝတီမြစ်ကြောင်းတွင် ဟင်္သာတ၊ မန္တလေး၊ ပခုက္ကူ၊ ကသာ၊ ဗန်းမော်တို့တွင် ဖြတ်သန်းခ ကောက်ခံရေး စခန်းများ ဖွင့်လှစ်ရန်နှင့် ချင်းတွင်းမြစ်ကြောင်းတွင် မုံရွာ၊ ကလေးဝ၊ ဟုမ္မလင်းမြို့များ၌ ဖွင့်လှစ်နိုင်ရန် နေရာများ ရှာဖွေစိစစ်နေသည်။
mizzima

No comments:

Post a Comment