Thursday 26 March 2015

ထီလက်မှတ် ဈေးတင်ရောင်းပါက ငွေဒဏ် သိန်းငါးဆယ်အထိ ပေးဆောင်ရမည့် ဥပဒေ လွှတ်တော်အတည်ပြု


အစိုးရက သတ်မှတ်ထားသည့် ထီလက်မှတ် ဈေးနှုန်းထက် ဈေးမြှင့်တင် ရောင်းချပါက ငွေဒဏ် ကျပ်သိန်းသုံးဆယ်မှ သိန်းငါးဆယ်အထိ ဒဏ်ကြေး ပေးဆောင်စေရမည့် ဥပဒေပုဒ်မ ပါဝင်သည့် အစိုးရ အောင်ဘာလေထီ ဥပဒေကို မတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
“ပြည်သူတွေက အစိုးရထီ ထုတ် ရောင်းတဲ့တန်ဖိုးထက်ကို အဆပေါင်း များစွာပေးပြီးတော့ ၀ယ်နေရတယ်ဆိုတဲ့ အသံတွေထွက်နေတယ်၊ ပြည်သူ့ အသံတွေကို နားနဲ့မဆံ့ကြားနေရတယ်။ အဲဒီအတွက်ကြောင့် ဒီပုဒ်မကို ထည့်လိုက်တာ” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ပြောကြားသည်။

“အရေးကြီးတာကတော့ ပြည်သူတွေ အနေနဲ့ ထီကို မတရားဈေးပေးပြီး ဝယ်နေရတဲ့ ဒုက္ခကနေ ကာကွယ်ပေးဖို့ပဲ အရေးကြီးတယ်။ ဘာလို့လဲ ဆိုတော့ လူတွေက ထီထိုးတဲ့အခါကျရင် ထီဈေးနှုန်းက အစိုးရထုတ်တဲ့ ဈေးနှုန်းထက် ၅၀ရာခိုင်နှုန်းလောက် အမြတ်ထုတ်တဲ့ သဘောတွေ တွေ့နေရလို့ပေါ့” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ထီလက်မှတ်များကို အစိုးရက တစ်စောင်လျှင် ကျပ် ၂၀၀ ဖြင့် ဖြန့်ဖြူးသော် လည်း ရပ်ကွက်နှင့် မြို့နယ်များတွင် ရောင်းချသွားရန် မိုးယံ၊ ရွှေမြန်မာ အစရှိသည့် ဆိုင်များမှတစ်ဆင့် ဝယ်ယူရပြီး ယင်းဆိုင်များ၏ အဖွင့်ဈေးမှာ ဆယ်စောင်တွဲတစ်ခုလျှင် ကျပ် ၂၂၅၀ မှ ကျပ် ၂၈၀၀ ဝန်းကျင်အထိ ပေါက်ဈေးဖြင့် ရောင်းချကြောင်း သာကေတမြို့နယ်တွင်း စက်ဘီးများဖြင့် ထီလက်မှတ်ရောင်းချသည့် ဦးစံဝိုင်းက ရှင်းပြသည်။
ယင်းသို့ ဒိုင်ဈေးမှာပင် ဈေးမြင့်သည့်အတွက် ဝယ်ယူရသည့် ဈေးအပေါ် မူတည်၍ ကျပ် ၂၈၀၀ ဝန်းကျင်မှ ကျပ် ၃၀၀၀ ဈေးဖြင့် ပြန်လည်ရောင်းချ နေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အဖွင့်ဈေး ၂၂၅၀ ကျပ်ဆိုတာ လ အစကိုပြောတာ။ ရက်ကြာလေ ဈေးတက်လေပဲ။ လကုန်ရက် နီးလာပြီဆို ဝလို့တောင်မရဘူး။ အခု အတည်ပြုလိုက်တယ် ဆိုပေမယ့် လကုန်မှ ငါတို့ကသိရမှာ။ မီးစင်ကြည့်ကရမှာပဲ” ဟု ထီရောင်းချသည့် စက်ဘီးဆယ်စီးခန့် ပိုင်ဆိုင်သူ ဦးစံဝိုင်းက ဆိုသည်။
အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းတွင် ထီလက်မှတ်များ ဈေးတင်ရောင်း ချမှုနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ မည်သူမဆို ပုဒ်မ (၂၄) ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်မည်ဟု စိစစ်ချက်ကို ပြည်သူ့လွှတ်တော်သို့ ကနဦး တင်ပြခဲ့ခြင်းဖြစ် သည်။
သို့သော် ယင်းပုဒ်မကို ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်များက မည်သူမဆို ပုဒ်မ (၂၄) ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ် ကျပ်သိန်း ၃၀မှ ကျပ်သိန်း ၅၀အထိ ချမှတ်ရမည်ဟု ပြောင်းလဲကာ သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်။
The Voice Weekly

No comments:

Post a Comment