Thursday 26 March 2015

မြောက်ပိုင်းတိုက်ပွဲများနဲ့ သစ်မှောင်ခိုပြဿနာ



မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲမှာ မတ်လ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။ အခုတစ်ကြိမ်ဖြစ်တဲ့တိုက်ပွဲဟာ သစ်မှောင်ခိုနဲ့ ပတ်သက်နေတယ်ဆိုရင်လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်ကို ခိုးထုတ်နေတဲ့ သစ်ကားတွေကို KIA က လုံခြုံရေးလိုက်ပေးနေတာကို တပ်မတော်က လေကြောင်းကင်းထောက်ရာကနေ အထောက်အထားရရှိခဲ့ပြီး မြေပြင်တပ်တွေ သွားရောက် ရှင်းလင်းရာမှ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာဖြစ်လာတာက KIA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ KIA အဖွဲ့က ဂွမ်မော်ဦးစီးကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ထိ ဆင်းလာပြီး နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စတွေ ပြောခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရန်ကုန်မှာလုပ် တဲ့ UPWC နဲ့ NCCT တို့ရဲ့ အပစ်ရပ်ဆွေးနွေးပွဲကို တက်တယ်။ အဲဒီအချိန်နဲ့ တိုက်ဆိုင်စွာ မန်စီနယ်ထဲမှာ သစ် မှောင်ခိုထုတ်တာတွေ လုပ်နေတယ်။ ဒါဟာ တိုက်ဆိုင်မှုလေလား?။
တိုက်ဆိုင်မှုလို့ သတ်မှတ်နိုင်ပေမယ့် ကြိုတင်ကြံစည်မှုလည်း ဖြစ်နိုင်ပါတယ်။ KIA ခေါင်းဆောင်တချို့က ငြိမ်းချမ်းရေးကိစ္စတစ်ဖက်မှာ ပြောနေချိန် အခြားတစ်ဖက်မှာတော့ KIA ခေါင်းဆောင်တချို့က သစ်မှောင်ခို ထုတ်နေတာ လက်ဝါးချင်းရိုက်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် KIA က တာဝန်ရှိသူတွေကတော့ သူတို့ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါဟာ အင်မတန်အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မကြာမီ ကာလကလည်း တရုတ်သစ်မှောင်ခိုကား ရာကျော်ဖမ်းမိခဲ့ပြီး ယနေ့အချိန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း KIA က ငြင်းခဲ့ပါတယ်။ အခုမံစီ ကိုက်ထိပ်-မန်ဝိန်းကြီး လမ်းကြောင်းပေါ်မှာ တရုတ်ကို ခိုးထုတ်တဲ့ သစ်ကားအစီး ၃၀ နီးပါး ဖမ်းဆီးခဲ့ တယ်။ သစ်ကားလာဖမ်းတဲ့ တပ်မတော်စစ်ကြောင်းတွေကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်လို့တိုက်ပွဲ ဖြစ်ခဲ့ရတာ ဖြစ်တယ်။
တိုက်ပွဲဖြစ်အောင်သစ်မှောင်ခိုကားတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့က ဘယ်ကလဲ၊ ဘာလို့ တပ်မတော်စစ်ကြောင်းတွေကို ပစ်တာလဲ မေးစရာပါ။ KIA ကလွဲပြီး ဘယ်အဖွဲ့မှ လာမပစ်ပါဘူး။ ပြဿနာဖြစ် တိုင်း KIA က သူမဟုတ်ဘူးငြင်းတာကတော့ တော်တော်လေး ကလေးကလားဆန်လွန်းတယ်လို့ မြင်ပါတယ်။
အခြားသတင်းတွေအရ KIA အဖွဲ့က သစ်မှောင်ခိုဂိုဏ်းကို သစ်ခိုးထုတ်ခွင့်အတွက် ငွေကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော် ယူထားတယ်လို့ သိရပါတယ်။ သစ်ကားတွေ တရုတ်ထဲရောက်သည်အထိ KIA အဖွဲ့က လုံခြုံရေး ယူပေးတယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းဒေသမှာ သစ်ခိုးထုတ်မှုပြဿနာဟာ တိုက်ပွဲတွေကြောင့် ဖြေရှင်းရခက် နေပါသေးတယ်။ နိုင်ငံ့ သယံဇာတတွေ ဆုံးရှုံးနေတာကို မတားဆီးနိုင်တာကတော့ စိတ်မကောင်းစရာပါ။ တိုက်ပွဲတွေကြောင့် သစ်မှောင်ခိုပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်မှာကိုပဲ စိုးရိမ်နေပါတယ်။ KIA ရှိနေသရွေ့ မြောက်ပိုင်းတိုက်ပွဲများနဲ့ သစ်မှောင်ခိုပြဿနာက ဖြေရှင်းရခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။
ကောင်းသန့်

No comments:

Post a Comment