Thursday 26 March 2015

ကြည့်မြင်တိုင်မြို့နယ်မှ လှိုင်မြစ်ကို ဖြတ်၍ ပေ ၈,၀၀၀ ခန့်အရှည် တံတားဆောက်ရန် ဂျပန်နှင့် ပူးပေါင်းလေ့လာနေ


ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်မှ လှိုင်မြစ်ကိုဖြတ်၍ တစ်ဘက်ကမ်းရှိ အေးရွာကို ဆက်သွယ်ဖောက်လုပ်မည့် ပေ ၈,၀၀၀ ခန့် (မီတာ-၂,၆၅၇) အရှည်ရှိ တံတားတစ်စင်း တည်ဆောက်ရန် ဂျပန်အစိုးရ လက်အောက်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းလေ့လာနေသည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောသည်။
လှိုင်မြစ်ဖြတ်ကျော်တံတား တည်ဆောက်နိုင်ရေးအတွက် Ministy of Land,Infrastructure,Transport and Tourism ၏ ထောက်ပံ့ကူညီမှုဖြင့် JEF Enginneerings Corportion,Japan နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ ပူးပေါင်း၍ အကြိုလေ့လာနေခြင်း ဖြစ်ကြောင်း ဦးစိုးတင့်က ပြောသည်။

ကြည့်မြင်တိုင် တစ်ဘက်ကမ်းနေပြည်သူတို့သည် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး အားနည်းမှုများ ဖြစ်ပေါ်နေပြီး လူနေမှုအဆင့်အတန်း နိမ့်ကျနေသောကြောင့် တံတားတစ်စင်း ဆောက်လုပ်ရန် လိုအပ်လျက်ရှိကြောင်း ဦးသန်းစိန်က ဆိုသည်။
ယင်းတံတား တည်ဆောက်ရေး လုပ်ငန်းကို မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး (၂၀၄၀) စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ပြီး အသေးစိတ် ဖြစ်မြောက်နိုင်စွမ်းကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့ အတွက် လမ်းကွန်ရက်သစ်နှင့် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာအင်ဂျင်နီယာများက ဆောက်လုပ်ရေး နည်းပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်နှင့် တစ်ဘက်ကမ်း ကျေးရွှာများအတွက် အစိုးရ၏ ဘတ်ဂျက်ဖြင့် တည်ဆောက် ပေးနိုင်မည့် အစအီစဉ်ရှိ မရှိကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြည့်မြင်တိုင် မဲဆန္ဒနယ်မှ ဦးသန်းစိန်၏ မေးမြန်းချက်အပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
Mizzima

No comments:

Post a Comment